ဧရာဝတီတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုပါက အရေးယူမည်

(ပြည်တွင်း) အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း၊ ခြံခတ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အသိပေးထားသည်။

အထူးသဖြင့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီနှင့် ဟိုင်းကြီးအပါအဝင် အနောက်ဘက်ကမ်းခြေဒေသများနှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း လျှောက်ထားရယူရန် လိုအပ်ကြောင်း သိရသည်။

ဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိသဘောဖြင့် နယ်နိမိတ်သတ်မှတ်ခြင်း၊ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်းနှင့် တစ်ဆင့်ပြန်လည်ရောင်းချခြင်းများသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအရ ကျူးလွန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၃) ပါ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဘဲ ရယူလုပ်ကိုင်အသုံးပြုသူများကိုလည်း အရေးယူမည်ဖြစ်သည်။ထို့အပြင် သက်ဆိုင်ရာကော်မတီက မြေမှ ဖယ်ရှားရန် ညွှန်ကြားထားသော်လည်း မလိုက်နာဘဲ ဆက်လက်အသုံးပြုပါကလည်း ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ခွင့်ပြုမိန့်မရှိဘဲ ဝင်ရောက်ကျူးကျော်နေထိုင်ခြင်း၊ လုပ်ကိုင်ခြင်းနှင့် အသုံးပြုခြင်းများကိုလည်း ပုဒ်မ ၂၇ နှင့် ပုဒ်မ ၂၇(က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီက အသိပေးကြေညာထားသည်။

Telegram – t.me/positiveanglenews

#PAN