သီးထပ်စိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးမည်

(စီးပွားရေး) အောက်တိုဘာ ၆

၂၀၂၆ ခုနှစ် ဆောင်းရာသီမှစတင်၍ မြေတစ်မျိုးတည်းတွင် သီးထပ်သီးနှံ စိုက်ပျိုးမည့် တောင်သူများကို တိုးမြှင့်ထားသည့် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားအတိုင်း ထပ်မံချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ မိုး၊ ဆောင်းနှင့် မိုးကြိုရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ်နှုန်းထားထက် ပျမ်းမျှနှစ်ဆတိုးမြှင့်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လယ်ယာကဏ္ဍတွင် သီးထပ်စွမ်းအား တိုးမြင့်လာစေရန်နှင့် နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှု တိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးချိန်မှစ၍ သီးထပ်စိုက်ပျိုးသူများအတွက် ချေးငွေထပ်မံထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။

အဓိကသီးနှံ ၁၀ မျိုးကို ဦးစားပေးသီးထပ်စိုက်ပျိုးရေးအတွက် ချေးငွေထုတ်ချေးရာတွင် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါနှင့် ချက်ကြံ စသည့် အဓိကသီးနှံ ၁၀ မျိုးကို ဦးစားပေးထုတ်ချေးသွားမည်ဖြစ်သည်။

အဆိုပါ သီးထပ်စိုက်ပျိုးစရိတ်ချေးငွေကို ၂၀၂၆ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးမည့် အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးထားသည်။

ထို့ကြောင့် ၂၀၂၆ ခုနှစ် ဆောင်းရာသီတွင် သီးထပ်စိုက်ပျိုးမည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများသို့ ဆက်သွယ်၍ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN