တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိ


(မှုခင်း) ဩဂုတ် ၁၉

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်တွင် နေပြည်တော်၊ လယ်ဝေးခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် ၃ ဒသမ ၅၉၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၁၅၉,၉၀၄) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၈၂၈ တန်၊ မီးသွေး ၇ ဒသမ ၃၆၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၄၂၆၄ ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်တို့အတွင်း၌ တရားမဝင်ငါးဖမ်းရာတွင်အသုံးပြုသည့် သစ်သားကိုယ်ထည် စက်လှေရှစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၃၇၀၅၀၀)ကို မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၉၀၄၇၆၄ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်း၌ တရားမဝင် အခြားသစ် ၁ ဒသမ ၅၄၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၅၄၂၈)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အကျော် ရေဝန်းကျေးရွာအနီး၌ လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက် စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း ၁၂ မျိုး၊ စားသောက်ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၈၉၆၂၆၅၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Nissan Diesel Truck တစ်စီး၊ Genlvon Tractor Head တစ်စီးနှင့် နောက်တွဲယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၆၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်း ကောင်း၊ တံတားဦးမြို့နယ် ကူးတို့ဆိပ်ကျေးရွာနှင့် ပုဏ္ဏားခြံကျေးရွာအနီး၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ၃၇ ပီပါ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၅၀၂၁၁)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ‌ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၁၄၁၂၈၆၁ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းအပြင် သြဂုတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းသုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၈၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်နှင့် နတ်တလင်းခရိုင်တို့အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၈၄၇ တန်၊ သစ်မာ ၂ ဒသမ ၅၁၇ တန်၊ အခြားသစ် ၁ ဒသမ ၂၄၁ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၈၄၄၆၁၅) ကို သစ်တောဥပဒေအရလည်း‌ကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၆၉၄၆၁၅ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၇ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဖမ်းဆီးရမိမှုစာရင်းများအရ လိုင်စင်မဲ့မော်တော်ယာဉ်ကိုးစီးနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် ၂၆ စီး ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သြဂုတ် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၂၄ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၃၈၇၅၇၂)ကို ဖမ်းဆီးရမိခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေး ဦးတည်ချက်များနှင့် အညီ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများသည် အဓိကအဟန့်အတားဖြစ်ပေါ်စေပြီး လူမှုစီးပွားရေး ကဏ္ဍအပေါ် များစွာဆိုးကျိုးသက်ရောက်ခြင်းများကြောင့် ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

PAN