
(ဆောင်းပါးကဏ္ဍ) သြဂုတ် ၁၉
နေဇင်လတ်
ထရမ့်မှာ ချီးကျူးစရာတစ်ခုကတော့ သူများမလုပ်ရဲတာကို လုပ်ရဲတာပဲဖြစ်တယ်။ မူဝါဒမှန်-မမှန်၊ မဟာဗျူဟာရှိ-မရှိကတစ်ပိုင်းတော့ဖြစ်တယ်။ Trade War လို့ပြောပြော၊ Tariff War လို့ဆိုဆို အမေရိကန်နဲ့ ကျန်နိုင်ငံများ US and the rest of Worldမှာ ထရမ့်လုပ်ဆောင် ချက်တွေကတော့ အမှန်တကယ်သမိုင်းတွင်သွားခဲ့ပါပြီ။
သမ္မတဖြစ်ကာစမှာ Canada ကို အမေရိကန်ပြည် ထောင်စုရဲ့ ၅၁ ခုမြောက် ပြည်နယ်ဖြစ်ချင်တယ်။ Greenland ကို အမေရိကန်က ပိုင်ဆိုင်သင့်တယ်။ ကမ္ဘာ့လုံခြုံရေးကိုကာကွယ်ပေးဖို့ဖြစ်တယ်ဆိုတဲ့အထိ နိုင်ငံတွေရဲ့အချုပ်အချာတွေကို မျက်ကွယ်ပြုပြီးခြိမ်း ခြောက်တာမျိုးကို ဘယ်သမ္မတကမှမလုပ်ခဲ့ဖူးပေမယ့် ထရမ့်ကလုပ်ခဲ့ပါတယ်။ Greenland ကို ထရမ့်ရဲ့သားကိုယ်တိုင်သွားကြည့်တဲ့အဆင့်အထိ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာ ပြသခဲ့ပါသေးတယ်။
ထရမ့်က Trump Doctrine ကို အမှန်တကယ်အသုံး ပြုနေသူလား။ ဒါမှမဟုတ် TACO (Trump always chickens out) အဖျားရှူးသွားသူလား၊ ဒါမှမဟုတ် Madman Doctrine ကို အသုံးပြုနေတာလားဆိုတာဟာ အချိန်တန်ရင်အဖြေပေးလာပါလိမ့်မယ်။
Trade War အသက်စဝင်ပြီ
အမေရိကန်ဟာ သူ့ရဲ့လိုငွေကို ဖြည့်ဆည်းဖို့အတွက် ကျန်နိုင်ငံများ (The rest of the World)ကို အခွန်နှုန်းထားတွေ တိုးမြှင့်ခဲ့တယ်။ Tariff War လို့အမည်ပေးနိုင်ပါတယ်။ Tariff တွေမြှင့်တဲ့အတွက် Trade War ဆိုတဲ့ကုန်သွယ်စစ်ကို ကူးစက်ရပါတယ်။ သတိထားရမှာက ကျန်နိုင်ငံတွေအားလုံးကိုတူညီတဲ့ နှုန်းထားနဲ့ အခွန်နှုန်းထားကိုမြှင့်တင် လိုက်တာမျိုးမဟုတ်ပဲ၊နိုင်ငံရေးလက်နက်အနေနဲ့ ပူးတွဲအသုံးပြုခဲ့တာတွေဖြစ်ပါတယ်။ ဥပမာ-အိန္ဒိယဟာ အမေရိကန်ရဲ့ နိုင်ငံရေးမိတ်ဖက်နိုင်ငံတစ်ခု ဖြစ်ပေမယ့် ရုရှားဆီက ရေနံဝယ်ယူမှု၊ BRICS မှာ ပါဝင်နေမှုအတွက် အခွန်ကို ၂၅ ရာခိုင်နှုန်းအထိတိုးမြှင့် လိုက်တယ်။
အိန္ဒိယလိုပဲ Canada ကိုပဲ ပါလက်စ်တိုင်းကို ထောက်ခံခဲ့တဲ့အတွက် အခွန်ကို ၃၅ ရာခိုင်နှုန်းအထိတိုးမြှင့်လိုက်တယ်။ တချို့နိုင်ငံတွေကို အခွန်နှုန်းထားအမြင့်နဲ့ ကြေညာပြီး လာရောက်ညှိနှိုင်းရင်တော့ ပြန်ချပေးပြန်တယ်။ ဒါပေမဲ့ နိုင်ငံပေါင်း ၁ဝဝ ကျော်ကတော့ အမေရိကန်ကို လာရောက်ညှိနှိုင်းတာ မလုပ်ကြတော့ပါဘူး။
NewTraiffကို ၁- ၈ – ၂၅ နေ့မှာစပြီးအသက် ဝင်စေမယ်လို့ကြေညာထားတဲ့အတွက် US vs The rest of the Worldဟာ Aug−2025 မှာ ကုန်သွယ်ရေးစစ် စဖြစ်ပြီလို့ဆိုရပါလိမ့်မယ်။လောလောဆယ်မှာတော့ အမေရိကန် သွင်းကုန်တွေအပေါ်မှာ $ 150 Billion လောက်အခွန်တိုးရလာတယ်လို့ ကြေညာခဲ့တာတွေ့ရတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေကလည်း အမေရိကန်ထုတ် ကုန်တွေအပေါ် အခွန်တိုးကောက်ကြမှာမို့ Total Trade Volumeမှာ ဘယ်လောက်အထိ ကျဆင်းသွားမလဲဆိုတာမသိရသေးပါ။ သေချာတာကတော့ အမေရိကန်ကို သွင်းတဲ့ကုန်ပစ္စည်းတွေရော၊ အမေရိကန်ထုတ်ကုန်တွေရော ဈေးကြီးလို့ ကျဆင်းသွားမှာကတော့ ပြေးမလွတ်ပါဘူး။ အဲ့ဒီအချက်က အမေရိကန်ကုန်ထုတ် လုပ်မှုကို ကျဆင်းသွားစေပြီး စီးပွားရေးတုံ့နှေးမှုကို ဖြစ်စေမှာတော့အမှန်ပါ။
မူလကတည်းကဈေးကြီးလို့ အမေရိကန်ထုတ်ကုန်တွေကျဆင်းနေချိန်မှာ အခွန်တိုးတဲ့အတွက်ကြောင့် ကုန်ထုတ်လုပ်မှုကျဆင်းသွားမှာကတော့ သေချာသွားခဲ့ပါပြီ။ အမေရိကန်အတွက်သွင်းကုန်ပေါ်ရတဲ့ အခွန်ငွေနဲ့ကုန်ထုတ်လုပ်မှုကျဆင်းသွားတဲ့အတွက် ဆုံးရှုံးရမယ့်အခြေအနေကို နှိုင်းယှဉ်နိုင်မှအဖြေမှန်ထွက်မှာဖြစ်ပါတယ်။ ခြောက်လ၊ တစ်နှစ်လောက်မှာ ထုတ်ပြန်လာမယ့် ကိန်းဂဏန်းတွေက ထရမ့်ရဲ့ မူဝါဒမှန်-မမှန်ကို အဖြေပေးပါလိမ့်မယ်။
အမေရိကန်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ iphone ဈေးကြီးတဲ့အတွက် ဈေးသက်သာအောင် Out Source (အခြားနေရာမှာ ထုတ်လုပ်ခြင်း)ကို လုပ်အားခသက်သာတဲ့ တရုတ်နဲ့ အိန္ဒိယမှာ ထုတ်လုပ်နေတာအဖြေတစ်ခုပါပဲ။ ကြည့်တတ်ရင်မြင်နိုင်ပါတယ်။ အမှန်တကယ်က Tariff တွေမြှင့်တာထက် Manuficturing Cost နိမ့်အောင်လုပ်ပြီး ယှဉ်ပြိုင်တာကတော့ နည်းလမ်းအမှန်ဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ယှဉ်ပြိုင်စွမ်း Competitiveness ထဲမှာ ဒီအချက်ကအဓိကအနေနဲ့တစ်ချက်ပါဝင်နေပါတယ်။
တရုတ်ကိုအထူးအခွင့်အရေး
နိုင်ငံအတော်များများကို လာရောက် ညှိနှိုင်းပေမဲ့ နောက်ဆုံးမှာတော့ Trumpရဲ့ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်ပြီး အများကြီးလျော့ပေါ့ပေးခဲ့တာမတွေ့ရပါဘူး။ အမေရိကန်ရဲ့အကြီးဆုံး ကုန်သွယ်ဖက်
တွေမှာ –
EU
Mexico
Canada
China
ဆိုပြီးအစဉ်လိုက်ဖြစ်ပါတယ်။ EU ကတော့နိုင်ငံတွေပေါင်းထားတဲ့အစုအဝေးဖြစ်တယ်။ တစ်နိုင်ငံချင်းဆိုရင် တရုတ်ဟာ တတိယအကြီးဆုံးကုန်သွယ်ဖက်သာ ဖြစ်ပါတယ်။ Canada ကို အခွန် ၃၅ရာခိုင်နှုန်းနဲ့ အတည်ပြုလိုက်ပေမယ့် တရုတ်ကိုတော့ဆက်လက်ညှိနှိုင်းဖို့ရက် ၉ဝ ပေးထားတာတွေ့ရတယ်။ ဘာကြောင့်လဲ၊ တရုတ်နဲ့ကုန်သွယ်ရေး၊ ဆက်ဆံရေးကိုတော့ ထရမ့်ကလက်လွတ်စပယ်မလုပ်ပဲ သတိထားနေတာတွေ့ရပါလိမ့်မယ်။
ပထမလက်လွတ်စပယ်လုပ်ကြည့်ခဲ့ပါသေးတယ်။ အခွန်ရာခိုင်နှုန်း၂၄၅ သတ်မှတ်တာမျိုး၊ တရုတ် ကျောင်းသားတွေကို အမေရိကန်ပညာသင်ခွင့်မပြုတော့တာမျိုး။ Nvidia Chip တွေ တရုတ်ကို ရောင်းချမှုပေါ် ပိတ်ပင်တာမျိုးတွေ အမိန့်ထုတ်ခဲ့ပါသေးတယ်။ တရုတ်ဘက်ကလည်း Tarill ကိစ္စလုံးဝညှိနှိုင်းမှု မလုပ်တော့ပဲ မြေရှားသတ္တုမရောင်းချတော့တာ၊ ဟော်လီဝုဒ်ရုပ်ရှင်တွေပိတ်ပင်တာ၊ Boeing လေယာဉ်တွေ ပြန်လွှတ်တာမျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ဘက်မှာလည်းတုံ့ပြန်တဲ့လက်နက်ကောင်းတွေ ရှိနေတာကို သိထားတဲ့အတွက် အမေရိကန်ဘက်ကပြန်လျော့ပေးခဲ့ပြီး နှစ်ဖက်ညှိနှိုင်းမှုလမ်းကြောင်းဘက်ပြန်ဦးတည်ခဲ့တယ်။
အမေရိကန် – တရုတ်ကုန်သွယ်မှု ညှိနှိုင်းမှုလုပ်တာသုံးကြိမ်ရှိခဲ့ပါပြီ။ အခြေအနေကောင်းတွေရရှိခဲ့တယ်လို့ အမေရိကန်ဘက်က ကြေညာခဲ့ပေမယ့် တရုတ်ဘက်က ညှိနှိုင်းဖို့ အများကြီးကျန်သေးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။တရုတ်ကိုအမေရိကန်က ရက် ၉ဝ ထပ်ပြီးပေး လိုက်တာတွေ့ရတယ်။
ဒီနေမှာ အဓိကတွေ့ရတဲ့အချက်က အခြားနိုင်ငံတွေကို အပေါ်စီးက လုပ်ချင်သလိုလုပ်ခဲ့တဲ့ အမေရိကန်ဟာ တရုတ်နဲ့မှာ ပြင်းပြင်းထန်ထန်မတွေ့ဖြစ်ဖို့ သတိ ထားကိုင်တွယ်နေရတယ်ဆိုတဲ့အချက်ပါပဲ။ တရုတ်ကိုအထူးအခွင့်အရေးပေးထားတယ်လို့ ဆိုရင်ရပါလိမ့်မယ်။
ရုရှားနဲ့ ယူကရိမ်းစစ်
ထရမ့်ဟာ သူနိုင်မယ်ထင်တဲ့နိုင်ငံတွေကိုတော့ မညှာမတာဖိအားပေးခဲ့တာတွေ့ရတယ်။ နောက် ဆုံးဒီမိုကရေစီမိတ်ဖက်ဖြစ်တဲ့ အိန္ဒိယတောင်မလွတ်ခဲ့ပါဘူး။ အိမ်နီးချင်း Canada နဲ့ မက္ကဆီကိုလည်းမလွတ်ခဲ့ပါ။
သူသာသမ္မတဖြစ်လာခဲ့ရင် ယူကရိမ်းစစ်ကို တစ်ရက်အတွင်းရပ်ပစ်လိုက်မယ်ဆိုတဲ့ ထရမ့်ဟာ နောက် ပိုင်းရက် ၉ဝ အထိနောက်ဆုတ်သွားခဲ့ တယ်။ ရက် ၉၀အတွင်းမရမှန်းသိတဲ့ အခါကျတော့ ရေးထားတဲ့စီမံချက်ကိုတောင် ထုတ်မပြခဲ့တော့တာတွေ့ရတယ်။ နောက်ဆုံးဖြစ်စဉ်မှာ ယူကရိမ်းစစ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲကိုလာဖို့ ရုရှားကို ရာဇသံရက် ၅ဝပေးခဲ့တယ်။ စိတ်ရှည်ခြင်းမရှိတဲ့ ထရမ့်ကပြန်ပြင်ဆင်ပြီး ၁ဝ ရက်ပဲအချိန်ပေးပြန်တယ်။ ဒီတစ်ခါပေးတဲ့ ရာဇသံကပိုပြင်းထန်တဲ့ရာဇသံလို့ဆိုတယ်။ EUနဲ့ အမေရိကန်ပေါင်းပြီး အပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်မယ်လို့ဆိုထားတယ်။
ရုရှားရဲ့သမ္မတဖြစ်ခဲ့ဖူးပြီး လက်ရှိ လုံခြုံရေးကောင်စီရဲ့အကြီးအကဲဖြစ်တဲ့ မက်ဗီဒက်က –
“ထရမ့်ဟာ ရာဇသံနဲ့ကစားကွက် ဖန်တီးနေတယ်”
“ရုရှားကို ထရမ့်အနေနဲ့အမိန့်ပေးပိုင်ခွင့်မရှိဘူး။ ထရမ့်ပြောတဲ့ ရာဇသံဟာ စစ်ပွဲတစ်ခုဆီကို ဦးတည်သွားစေတယ်” လို့ တုံ့ပြန်လိုက်တယ်။ ထရမ့်ကပြန်ပြီး
“မက်ဗီဒက်အနေနဲ့ စကားကို ဆင်ဆင်ခြင်ခြင်ပြောပါ။ ကိုယ့်နှုတ်ကို ပြန်စိစစ်ပါ”ပါလို့ ထပ်ဆင့်တုံ့ပြန်လိုက်တယ်။ မက်ဗီဒက်စကားထဲမှာ စစ်ရိပ်စစ်ငွေ့ တွေပါသွားတဲ့အတွက်ကြောင့်ပါ။
ရုရှားရဲ့ထိပ်ဆုံးခုံမှာ ပူတင်ထိုင်နေခဲ့တာ၂၅နှစ်ရှိသွားခဲ့ပါပြီ။ နိုင်ငံများစွာရဲ့ခေါင်းဆောင်ပေါင်းများစွာကိုလည်း ဆက်ဆံခဲ့ဖူးလို့အတွေ့ အကြုံလည်း အလွန်များသွားခဲ့ပါပြီ။ မနေ့တစ်နေ့ကမှ သမ္မတဖြစ်လာတဲ့ ထရမ့်ကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ပူတင် မသိပဲမနေပါဘူး။
ထရမ့်ဘက်က စားပွဲဝိုင်းပေါ်လာဖို့ ၁ဝ ရက်ပဲ အချိန်ပေးမယ်လို့ပြောတဲ့ နေ့မှာပဲ ယူကရိမ်းမြို့တော်ကိယက်ကို အကြီးစားတိုက်ခိုက်မှုလုပ်ပြလိုက်တာနဲ့ ပူတင်က တုံ့ပြန်လိုက်တာတွေ့ရတယ်။ Defense Industry ဆိုတဲ့ ယူကရိမ်းရဲ့ ကာကွယ်ရေးလုပ်ငန်းစု၊ မဟာဗျူဟာလေယာဉ် ကွင်း၊ မစ်ဇိုင်းထုတ်လုပ်တဲ့စက်ရုံတွေအပါအဝင် စစ်ရေးပစ်မှတ်များစွာကို Large Scale Operation ဆိုတဲ့အကြီးစားစစ်ဆင်ရေးတစ်ရပ် လုပ်ပြလိုက်ခဲ့တယ်။ Precision Strike ဆိုတဲ့ တိကျ ထိမှန်စေတဲ့နည်းပညာနဲ့ လက်နက်တွေအသုံးပြုခဲ့လို့ ယူကရိမ်း အတော်အထိနာသွားခဲ့ပါတယ်။ ထရမ့်ဘက်က ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘာသံမှ ထွက်လာသေးတာ မတွေ့ရသေးပါ။
ဒေါ်လာစွန့်ခွာမှုနဲ့ အရန်ငွေ
ရှေးအမေရိကန်သမ္မတတွေက အမြင်အတော်ကြီးကြတယ်။ ချီးကျူးစရာကောင်းတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း Brenton Wood Agreement ဆိုပြီး တစ်ကမ္ဘာလုံးကိုချုပ်ကိုင်မယ့် သဘောတူညီချက်ကိုချုပ်ဆိုနိုင်ခဲ့တယ်။ ရွှေ၊ရေနံကို အမေရိကန်ဒေါ်လာအခြေခံပြီး ဈေးနှုန်းသတ်မှတ်တာမျိုး၊ အမေရိကန်သုံးငွေကို ကမ္ဘာ့သုံးငွေအဖြစ် ဖန်တီးခဲ့တာမျိုး၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ နိုင်ငံခြားအရန်ငွေကို အမေရိကန် ဒေါ်လာအဖြစ် ရောက်အောင်ထားရှိစေခဲ့တာမျိုးပါဝင်ခဲ့တယ်။
တကယ်ကြေးပြောရရင် Brenton Wood သဘော တူညီချက်က အမေရိကန်ငွေကြေးကွန်ရက်နဲ့ ကမ္ဘာကြီးကို လွှမ်းခြုံချုပ်ကိုင်နိုင်ခဲ့တာမို့ ကြည်း၊ရေ၊လေပါဝင်တဲ့ အမေရိကန်စစ်တပ်ကြီးထက် ပိုပြီးအား ကောင်းလာတာတွေ့ရတယ်။ သေနတ်ပြောင်းဝကထွက်တဲ့ ကျည်က လူတစ်ယောက်စီကိုသာ သေစေနိုင်ပြီး မြင်ကွင်းမကောင်းလှပါဘူး။ အမေရိကန်ဒေါ်လာက တစ်နိုင်ငံလုံးကို မွဲပြာကျသွားစေနိုင်တယ်။ လူ မသေဘူး၊ ရှင်လျက်နဲ့သေသွားတာမျိုး။
Dollarized Economy ဆိုတဲ့ ဒေါ်လာအခြေ ပြုကမ္ဘာ့စီးပွားရေးဟာ ကမ္ဘာကြီးကိုမလှုပ်နိုင်အောင်ချုပ်ကိုင်ထားနိုင်ပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်း သမ္မတတွေကပိုကောင်းတဲ့တွေးခေါ်မှုကို စဉ်းစားကြရမှာထက်အရင် သမ္မတတွေကြောင့် အားကောင်းခဲ့တဲ့ အမေရိကန်ဒေါ်လာကို အသုံးပြုပြီး Sanction အမျိုးမျိုးကို ချမှတ်ခဲ့တယ်။ အမေရိကန် Sanction လွတ်တဲ့နိုင်ငံတွေ အတော်နည်းပါတယ်။ အများစုက Sanction ပမာဏအကြီးအသေးအရ ခံစားလာခဲ့ကြတယ်။ ကြာလာတော့ ဒေါ်လာစွန့်ခွာမှုကိုကြိုးစားလာခဲ့ကြတယ်။ တော်လှန်ခဲ့ကြတယ်။
ဒေါ်လာစွန့်ခွာမှု (De dollarization) ဟာ ယူကရိမ်းစစ်မှာ ပိုသိသာ၊ ပိုထင်ရှားလာပါတယ်။ ရုရှားကို အရေးယူပိတ်ဆို့မှု အကြီးအကျယ်လုပ်တယ်။ ရေနံ၊ ဓာတ်ငွေ့ထွက်တဲ့နိုင်ငံဖြစ်ပြီး ရုရှားနောက်မှာ တရုတ်ရှိနေလေတော့ ဒေါ်လာစွန့်ခွာမှုက ပိုပြီးအားကောင်းလာပါတော့တယ်။ အစားထိုးလို့မရသေးတဲ့ ဓာတ်ငွေ့နဲ့ ရေနံကို ရုရှား ရူဘဲလ်၊ တရုတ် ယွမ်နဲ့ ဝယ်ရမယ်ဆိုတဲ့ စိန်ခေါ်မှုကို USA စပြီး ရင်ဆိုင်ရပါတော့တယ်။ SWIFT ကို ရှောင်ပြီး ငွေချေစနစ်ကိုပါကျင့်သုံးလာကြတယ်။ ရေနံထွက်တဲ့ အီရန်ပါလာတဲ့အခါကျတော့ ဒေါ်လာစွန့်ခွာမှုအားကောင်းလာတယ်။ အထိုက် အလျောက်မက ထိရောက်ခဲ့တာလည်းတွေ့ရတယ်။
ထရမ့်လက်ထက်မှာ တိကျတဲ့ မူဝါဒထက် စိတ်ခံစားမှုကိုလိုက်ပြီး အကောင်အထည်ဖော်တဲ့အတွက်ရော၊ Tariff ကိစ္စတွေရောပါပေါင်းပြီး စီးပွားရေးကို ထိခိုက်လာတယ်။ စတော့တွေက ကမောက်ကမဖြစ်ကုန်တယ်။ တစ်ဆက်တည်း ဒေါ်လာတန်ဖိုးကျဆင်းသွား ခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ဒေါ်လာစွန့်ခွာမှု အားကောင်းလာလေတော့ ဒေါ်လာ တန်ဖိုးပါ ကျဆင်းသွားပါတော့တယ်။ နှစ် ၂ဝ ကာလအတွင်း ဒေါ်လာတန်ဖိုးအကျဆင်းဆုံးအချိန်လို့အထိ ဆိုလာကြတယ်။
ထပ်ပြီး ဆက်စပ်အကျိုးတရားကတော့ အမေရိကန်ဒေါ်လာကို နိုင်ငံတွေရဲ့ အရန်ငွေအဖြစ်ကိုင်ထားကြရာကနေ တဖြည်းဖြည်းစွန့်လွှတ်ကြရင်း ဒီနေ့မှာဆိုရင် ကမ္ဘာ့ဒေါ်လာအရန်ငွေအဖြစ် ၄၇ ရာခိုင်နှုန်းအထိကျဆင်းသွားတာ တွေ့ရတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့နိုင်ငံခြားအရန်ငွေမှာ ဒေါ်လာဟာ ရာခိုင်နှုန်း ၈ဝလောက်နေရာယူခဲ့ဖူးတယ်။ ဒေါ်လာအရန်ငွေကို တဖြည်းဖြည်းလျှော့ ချလာခဲ့ရာမှာ ၂ဝ၂၄ နှစ်ကုန်ပိုင်းလောက်ရောက်တော့ ၅၈ ရာခိုင်နှုန်းလောက်အထိ ကျန်ခဲ့ပါသေးတယ်။ ၂ဝ၂၅ ရဲ့ ခုနစ်လတာအတွင်း ၁၁ ရာခိုင်နှုန်းကျဆင်းပြီး ၄၇ရာခိုင်နှုန်းပဲကျန်ခဲ့တာဟာ တစ်ကမ္ဘာလုံးကို ဒေါ်လာစစ်တပ်ကြီးနဲ့ထိန်းချုပ်ထားမှုလက်ဆုပ်ပြေသွားတာလို့ ပြောရပါလိမ့်မယ်။
Great Again ဟာ အိပ်မက်လား
ထရမ့်ရဲ့သမ္မတပထမသက်တမ်း ၂၀၁၆ – ၂၀၂၀ ကို လေ့လာရင် Trade Deficit သိသာစွာမကျဆင်းခဲ့ပါ။ အစိုးရ အသုံးစရိတ်ဘက်မှာလည်း Deficit ပမာဏကြီးမားခဲ့ပြန်ပါသေးတယ်။ GDP Growth မှာလည်းအားရစရာမရှိခဲ့ပြန်ပါဘူး။ ပထမသက်တမ်းပြီးတော့ အမေရိကန်သမ္မတတွေရဲ့စွမ်းဆောင်မှုအကဲ ဖြတ်မှတ်တမ်းပြုစုကြတယ်။ MAGA – Make America Great Againလို့ ကြွေးကြော်ခဲ့တဲ့ သမ္မတထရမ့်ဟာ အညံ့ဆုံး သမ္မတငါးဦးထဲမှာ စာရင်းထည့်သွင်းခြင်း ခံလိုက်ရတာကို Wiki မှာရှာကြည့်လို့ရပါလိမ့်မယ်။
ဘိုင်ဒင့်လက်ထက်သက်တမ်းတစ်ခု လေးနှစ်ကျော်ပြီး ထရမ့်ရဲ့ဒုတိယ သက်တမ်းမှာလည်း MAGA ကြွေးကြော်ခဲ့ပြန်တယ်။ ဒုတိယသက်တမ်းမှာတော့ အတွေ့အကြုံတစ်စုံတစ်ရာရှိခဲ့ပြီမို့ နိုင်ငံတကာဆက်ဆံရေးမှာ အတော်ကြီးရဲတင်းလာတာ တွေ့ရတယ်။ ရဲတင်းတာထက် “ရန်လိုမှ”အပြည့်နဲ့ ပုံစံကိုတွေ့လာရတယ်။
ပထမသက်တမ်းမှာ တရုတ်နဲ့သာ Trade War ထိပ်တိုက်လုပ်ခဲ့ပေမယ့် ဒုတိယသက်တမ်းမှာ တရုတ်ကို သတိထားကိုင်တွယ်ပြီး ကျန်နိုင်ငံတွေနဲ့ ထိပ်တိုက်တွေ့ခဲ့တာကို တွေ့ရတယ်။ Elon Musk ဦးဆောင်ခဲ့တဲ့ DOGE က အစိုးရအသုံး စရိတ်တွေကို ဖြတ်တောက်ခဲ့လို့ ဘီလီယံပေါင်းများစွာသက်သာခဲ့တယ်ဆိုပေမယ့် စာရင်းချုပ်လိုက်တဲ့အခါမှာ တိုးတက်သုံးစွဲခဲ့တဲ့ပမာဏကဖြတ်တောက်ခဲ့တာထက် ပိုနေသေးတာကြောင့် အစိုးရဘတ်ဂျက်လိုငွေဟာ ကျမသွားခဲ့ပြန်ပါဘူး။
Tradeဘက်မှာအခွန်တိုးလိုက်တာဟာ ကုန် ပစ္စည်းဈေးနှုန်းတွေမြင့် တက်သွားပြီး ပြည်သူတွေခါးစည်းခံကြရပါတယ်။ တစ်နည်းပြောရရင် ပြည်သူတွေဆီကငွေကို ကုန်ပစ္စည်းတွေကတစ်ဆင့်ရ ယူလိုက်တာပါပဲ။ ထပ်ပြီးရှင်းရရင် ပြည်သူတွေကို သာမန်ဝင်ငွေခွန်ထမ်းဆောင်စေခဲ့တဲ့အပြင် ကုန်ပစ္စည်းပေါ်က အခွန်ထပ်ကောက်လိုက်တာမျိုးပါ။ ဒါပေမယ့် အခြေအနေကအဲ့ဒီမှာရပ်မသွားပါဘူး။ အမေရိကန်ကုန်ပစ္စည်းတွေကိုလည်း အခြားနိုင်ငံက အခွန်တိုးမြှင့်မှာမို့ အမေရိကန်ထုတ်ကုန်တွေဝယ်ယူမှု လျော့ကျသွားပါလိမ့်မယ်။ အဲ့ဒီအချက်က အမေရိကန်ကုန်ထုတ်လုပ်သူတွေကို ကြီးကြီးမားမားထိခိုက်စေမှာဖြစ်တယ်။
American Great Again ဆိုတာ အမေရိကန်ပြည်သူတွေချမ်းသာခြင်းကို ဆိုလိုတာပါ။ အမှန်တကယ် အမေရိကန်ပြည်သူတွေ ချမ်းသာပါရဲ့လား၊ အမေရိကန်မှာ Rich and Poor Gap က ပိုကြီးလာတာတွေ့ရပါလိမ့်မယ်။ Elite တွေက ပိုချမ်းသာပြီး လူလတ်တန်းစားနဲ့ အခြေခံလူတန်း စားတွေက ကုန်ပစ္စည်းဈေးနှုန်းကြီးလို့ စုဆောင်းနိုင်မှုကျဆင်းသွားရပါပြီ။ ဒါဆိုရင် အမှန်တကယ် American First American Great Again ဆိုတဲ့ ရည်ရွယ်ချက်အမှန် တကယ်အောင်မြင်ပါရဲ့လား ဆိုတာကို စစ်တမ်းထုတ်ဖို့လိုလာပါတော့တယ်။
Foreign Reserve o USD ပါဝင်မှုတိုးတက်လာတယ်။ USDတန်ဖိုး မြင့်တက်လာတယ်။ Trade Balance မှာ အမေရိကန်အနေနဲ့ Surplus ထွက်လာတာတွေက အမှန်တကယ်တိုးတက်တဲ့ လက္ခဏာတွေဆိုတာ ဘောဂဗေဒပညာရှင်တွေ လက်ခံထားတဲ့အရာတွေပါ။ဒီလိုမှ မဟုတ်ပဲ ဆန့်ကျင်ဘက်လားရာကိုသွားနေတယ်ဆိုရင်တော့ အမေရိကန်ရဲ့ အကျဘက်လက္ခဏာတွေပဲဖြစ်ပါလိမ့်မယ်။
၁၉၈၀ ကာလတွေနောက်ပိုင်းမှာအမေရိကန်တွေ တအိအိကျဆင်းလာတာကို Data တွေအရတွေ့နိုင်တယ်။ အမေရိကန်ခေတ်တစ်ခေတ်ဆီကို ပြန်ရောက်ဖို့အိပ်မက်က လက်တွေ့မှာ အကောင် အထည်ဖော်နိုင်ဖို့ဆိုတာ စိတ်ကူးယဉ်မှုတစ်ခုများဖြစ်နေမလားလို့တွေးမိရပါတယ်။
#PAN