မတ္တရာမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ဒဏ်ရာရရှိ

(ပြည်တွင်း) ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်အတွင်း နင်းမိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စိစစ်ချက်များအရ ဒဏ်ရာရရှိသူမှာ မတ္တရာမြို့နယ် ကြားကျေးရွာနေ အသက် (၄၂) နှစ်အရွယ် ဦးမြင့်ကြည် ဖြစ်ပြီး နံနက် ၁၀ နာရီခန့်တွင် ကျောက်တံတားကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာရှိ ၎င်းပိုင် ငှက်ပျောခြံအတွင်း အလုပ်လုပ်ကိုင်နေစဉ် မြေမြှုပ်ထားသော နင်းမိုင်းတစ်လုံးကို မတော်တဆ နင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဦးမြင့်ကြည်တွင် မိုင်းစပေါက်ကွဲဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် မတ္တရာမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။