အပစ်ရပ်သက်တမ်းကုန်ဆုံးခါနီးအချိန်တွင် အမေရိကန်နှင့် အီရန်တို့ အပြန်အလှန် ခြိမ်းခြောက်

(နိုင်ငံတကာ) ဧပြီ ၂၁

     ​အမေရိကန်နှင့် အီရန်အကြား ချမှတ်ထားသည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် လာမည့်ဗုဒ္ဓဟူးနေ့တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ၊ သဘောတူညီချက်မရရှိပါက စစ်ပွဲအရှိန်ကို အမြင့်ဆုံးမြှင့်တင်မည်ဟု နှစ်ဖက်ခေါင်းဆောင်များက အပြိုင် အဆိုင် ခြိမ်းခြောက်လျက်ရှိသည်။

​     အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်က အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုနှင့် ခြိမ်း ခြောက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၎င်းက အီရန်အနေဖြင့် “ခြိမ်းခြောက်မှုများ၏ အရိပ်အောက်တွင်” ညှိနှိုင်းမည်မဟုတ်ကြောင်းနှင့် လိုအပ်ပါက စစ်မြေပြင်တွင် ယခင်က မထုတ်ဖော်ရသေးသည့် “ဗျူဟာမြောက် ကတ်သစ်များ” ကို ထုတ်သုံးရန် အသင့်ရှိနေကြောင်း တုံ့ပြန်ခဲ့သည်။ ယင်းသည် အီရန်ဘက်မှ စစ်ရေးအရ အသင့်ပြင်ထားမှုကို ပြသသည့် သတင်းစကားဖြစ် သည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကမူ အီရန်ဘက်က သဘောတူညီချက်ကို လက်မခံပါက “တစ်ခါမျှ မကြုံဖူးသည့် ပြဿနာများ” နှင့် ရင်ဆိုင်ရမည်ဟု ဆို သည်။ ထရန့်က PBS News သို့ ပြောကြားရာတွင် အပစ်ရပ်သက်တမ်းကုန်ပြီးနောက် သဘောတူညီချက်မရလျှင် “ဗုံးများစွာ စတင်ပေါက်ကွဲတော့မည်” ဟု ပြတ် သားစွာ သတိပေးခဲ့သည်။ ထို့ပြင် အီရန်အနေဖြင့် ၎င်း၏နိုင်ငံကို ပြန်လည်တည်ဆောက်နိုင်သော်လည်း နျူကလီးယားလက်နက်ကိုမူ လုံးဝလက်ဝယ်မထားရှိစေရဟု အခိုင်အမာ ပြောကြားခဲ့သည်။

​     ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်တွင် ပြုလုပ်ရန် စီစဉ်ထားသည့် ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမူ လက်ရှိအချိန်ထိ အီရန်ဘက်က တရား ဝင် အတည်ပြုချက် မပေးသေးပေ။ အထူးသဖြင့် အမေရိကန်က အီရန်သင်္ဘောကို စီးနင်းသိမ်းဆည်းလိုက်ခြင်းက တီဟီရန်အာဏာပိုင်များကို ဒေါသထွက်စေခဲ့ပြီး ဆွေးနွေးပွဲအလားအလာကို ပိုမိုခက်ခဲစေခဲ့သည်။

​     ဆွေးနွေးပွဲ၌ နှစ်ဖက်စလုံးတွင် လိုက်လျောရန် ခက်ခဲသည့် ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်မှုနှင့် ဖြတ်သန်းခွန်ကိစ္စ၊ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ဖယ် ရှားရေး၊ အီရန်၏ ပဲ့ထိန်းဒုံးကျည် အစီ အစဉ်နှင့် နျူက လီးယားကိစ္စ၊ စစ်လျော်ကြေးပေးအပ်ရေး ဆိုင်ရာကိစ္စ စသည့် တောင်းဆိုချက်များစွာ ရှိနေဆဲဖြစ်သည်။

​#USIranWar #DonaldTrump #Ghalibaf #CeasefireExpire #MiddleEastCrisis #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN