မုဒုံနှင့် ပေါင်းတည်မြို့နယ်များတွင် လူသတ်မှုဖြစ်ပွား၊ အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသေဆုံး

(မှုခင်း) ဧပြီ ၂၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တို့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၉ ရက် နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်ရှိ လယ်ကွင်းအတွင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။

စိစစ်ချက်များအရ သေဆုံးသူမှာ အသက် (၃၆) နှစ်အရွယ် ဦးချမ်းဆော ဖြစ်ပြီး ဧပြီ ၁၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ၎င်း၏နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကာ ရပ်ကွက်အနီးရှိ လယ်ကွင်းအတွင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကုန်းဇင်းကျေးရွာတွင်လည်း အလားတူ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ဒေသခံ ဦးမျိုးနိုင်ဦး (ခ) မျိုးကြီး အသက် (၄၇) နှစ်သည် ၎င်း၏နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်အဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များကြောင့် သေဆုံးသူနှစ်ဦးစလုံးတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။