
(နိုင်ငံတကာ) ဧပြီ ၂၁
အမေရိကန်၊ ဖိလစ်ပိုင်နှင့် မဟာမိတ် ၅ နိုင်ငံတို့ ပူး ပေါင်းပြုလုပ်သည့် ၄၁ ကြိမ်မြောက် “Balikatan” စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂၀ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်သည်။ ယခုနှစ်လေ့ကျင့်မှုသည် ပါဝင်သည့်နိုင်ငံ အရေအတွက်အရ သမိုင်းတစ်လျှောက် အကြီးမားဆုံးဖြစ်ပြီး တရုတ်နှင့် တင်းမာမှုများရှိနေသည့် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အနီးရှိ မဟာဗျူဟာမြောက် နေရာများကို ရွေးချယ်လေ့ကျင့်နေခြင်းဖြစ်သည်။
ယခုစစ်ရေးလေ့ကျင့်မှုတွင် စုစုပေါင်း တပ်ဖွဲ့ဝင် ၁၇,၀၀၀ ကျော် ပါဝင်ပြီး အမေရိကန်မှ စစ်သည် ၁၀,၀၀၀ ခန့် ပါဝင်သည်။ အိမ်ရှင် ဖိလစ်ပိုင်နှင့် အမေရိကန်တို့အပြင် သြစတြေးလျ၊ ဂျပန်၊ ကနေဒါ၊ ပြင်သစ်နှင့် နယူးဇီလန်နိုင်ငံတို့ပါ ပထမဆုံးအကြိမ် တက်ကြွစွာ ပါဝင်လာခဲ့ရာ မနီလာ၏ ကျယ်ပြန့်လာသော လုံခြုံရေးကွန်ရက်ကို ပြသနေသည်။
ဖိလစ်ပိုင် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ရိုမီယိုဘရောင်နာက ယခုလေ့ကျင့်မှုသည် သာမန်ပြသမှုမျိုးမဟုတ်ဘဲ “လက်တွေ့ဘဝ အခြေအနေများ” အောက်တွင် မည်မျှအဆင်သင့်ဖြစ်သည်ကို စမ်းသပ်ခြင်းဖြစ်ကြောင်း ဆိုသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ်နှင့် ၉၆ မိုင်သာကွာသည့် အစ်ဘာယတ် (Itbayat) ကျွန်းတွင် ပထမဆုံးအကြိမ် ရေကြောင်းတိုက်ခိုက်မှုများကို လေ့ကျင့်မည်ဖြစ်ပြီး တရုတ်ထိန်းချုပ်ထားသည့် စကာဘော့ရှိုးသန္တာကျောက်တန်းနှင့် နီးကပ်သည့် ဇမ်ဘေးလ်ပြည် နယ်တွင် ကမ်းတက်တိုက်ပွဲ ခုခံခြင်းနှင့် ကျည်စစ်လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။
ထို့ပြင် လက်နက်သစ်များ စမ်းသပ်ခြင်းအနေဖြင့် ဖိလစ်ပိုင်၏ BrahMos ဒုံးကျည်သစ်များနှင့် ဂျပန်၏ Type 88 သင်္ဘောဖျက်ဒုံးကျည်များကို အသုံးပြု၍ သင်္ဘောနှစ်မြှုပ်သည့် လေ့ကျင့်ခန်းများ ပါဝင်မည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကော့ကျိခွန်းက ပြင်ပအင်အားစုများအနေဖြင့် အာရှ-ပစိဖိတ်ဒေသတွင် သွေးခွဲမှုများ မလုပ်ရန် သတိပေးခဲ့သည်။ “လုံခြုံရေးအရ ပူးပေါင်းချည်နှောင်ဖို့ ဇွတ်လုပ်နေတာဟာ ကိုယ့်ကိုယ်ကိုယ် မီးရှို့သလိုဖြစ်ပြီး အကျိုး ဆက်ဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်” ဟု တရုတ်ဘက်က တုံ့ပြန်ခဲ့သည်။ သို့သော်လည်း အမေရိကန်ဘက်ကမူ ဤလေ့ကျင့်မှုသည် မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိဘဲ ဒေသတွင်း တည်ငြိမ်ရေးအတွက်သာဖြစ် ကြောင်း ဆိုထားသည်။
#Balikatan2026 #USPhilippinesAlliance #SouthChinaSea #TaiwanStrait #MilitaryDrills #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN