အပူပိုင်းမုန်တိုင်း ဝီဖာ ကြောင့် ဗီယက်နမ်နဲ့ ဖိလစ်ပိုင်မှာ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တာကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ

(နိုင်ငံတကာ) ဇူလိုင် ၂၃

အပူပိုင်း မုန်တိုင်းတစ်ခုဖြစ်တဲ့ ဝီဖာမုန်တိုင်းဟာ ဇူလိုင် ၂၂ ရက်နေ့က လေတိုက်နှုန်း တစ်နာရီ ၆၃မိုင် (၁၀၂ ကီလိုမီတာ) နဲ့ ဗီယက်နမ်မြောက်ပိုင်း ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ခဲ့သလို ဇူလိုင် ၁၆ရက်နေ့က ဖိလစ်ပိုင်အရှေ့ပိုင်းကိုပါ ၀င်ရောက်တိုက်ခတ်ခဲ့လို့ ရေလွှမ်းမိုးမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဝီဖာ တိုင်ဖွန်းမုန်တိုင်းဟာ အပူပိုင်းမုန်တိုင်းအဖြစ်ပြောင်းလဲခဲ့ပြီး ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပွားခဲ့တာကြောင့် လူငါးဦးသေဆုံးခဲ့သလို အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံမှာလည်း လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

မုန်တိုင်းကြောင့် မြို့တော်ဟနွိုင်းရဲ့အရှေ့ဘက်မှာရှိတဲ့ Hung Yen ပြည်နယ်ရဲ့ ဒေသတစ်ချို့မှာ လျှပ်စစ်ဓာတ်တွေ ပြတ်တောက်ခဲ့လို့ မီးစက်တွေနဲ့အသုံးပြုနိုင်ဖို့ လောင်စာဆီဝယ်ရရှိဖို့အတွက် ဓာတ်ဆီဆိုင်တွေကို အပြေးအလွှားသွားရောက်ဝယ်ယူနေကြတာတွေကိုလည်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ကုန်းတွင်းပိုင်းကို ဝင်ရောက်လာတဲ့ ဝီဖာကြောင့် စီးပွားရေးလုပ်ငန်းအများစုကို ပိတ်ထားရပြီး မြို့တွင်းနေထိုင်သူတွေကို အိမ်မှာသာနေထိုင်ဖို့နဲ့ ခိုင်ခန့်မှုမရှိတဲ့အဆောက်အအုံတွေ ရေကြီးနစ်မြုပ်နိုင်တဲ့နေရာတွေမှာရှိတဲ့ အဆောက်အအုံတွေကနေ ရွှေ့ပြောင်းဖို့ မြို့တော်အစိုးရက အသိပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာ မိုးရေချိန် ၅၀၀ မီလီမီတာ (လက်မ ၂၀ ခန့်) အထိ ရွာသွန်းနိုင်မယ်လို့ မျှော်လင့်ထားပြီး ကူညီကယ်ကယ်ဆယ်ရေးတွေလုပ်ဆောင်နိုင်ဖို့ ဗီယက်နမ်တပ်မတော်ကတော့ ဗီယက်နမ်စစ်သား ၃ သိန်းခွဲခန့် အသင့်အနေအထားနဲ့ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ဗီယက်နမ်မြောက်ပိုင်းကိုဖြတ်ပြီး လေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ဟိုင်ဖုန် နဲ့ ကွမ်နင်း ပြည်နယ်က လေဆိပ်တွေကိုလည်း မုန်းတိုင်းကြောင့် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီမုန်တိုင်းကြောင့်ပဲ ငါးပုစွန်မွေးမြူရေးခြံ ဧက ၃၇၀,၀၀၀ နီးပါးနဲ့ ရေပေါ်ငါးလှောင်ကန် ၂၀,၀၀၀ ကျော် ထိခိုက်နိုင်တယ်လို့ နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ဝီဖာရဲ့ နောက်ဆက်တွဲအဖြစ် မိုးသည်းထန်စွာရွာသွန်းမှုတွေဖြစ်ပွားခဲ့ပြီး အဲ့ဒီရေကြီးရေလျှံမှုတွေကြောင့် ဖိလစ်ပိုင်မြို့တော် မနီလာမှာ အင်္ဂါနေ့အစောပိုင်းက လူပေါင်း သောင်းနဲ့ချီ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရသလို အနည်းဆုံး လူနှစ်ဦး ပျောက်ဆုံးနေတယ်လို့လည်း သိရပါတယ်။

မနီလာနဲ့ အနီးတစ်ဝိုက်မှာရှိတဲ့ ပြည်နယ်တွေမှာ တစ်ညတာ မိုးရွာသွန်းပြီးနောက် စာသင်ကျောင်းတွေနဲ့ အစိုးရရုံးတွေကို ပိတ်ထားရဆဲဖြစ်ပြီး အဲဒီဒေသမှာရှိတဲ့ မာရီကီနာမြစ် ကမ်းပါးပြိုကျမှုတွေလည်မးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြစ်ကမ်းတစ်လျှောက် နေထိုင်သူ ၂၃၀၀၀ ကျော်ကို စာသင်ကျောင်းတွေ၊ ကျေးရွာခန်းမတွေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရသလို မြို့အချို့က ဒေသခံ ၂၅၀၀၀ ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း သိရပါတယ်။