(မှုခင်း) ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်မိုးစန္ဒာ (၄၇ နှစ်) သည် တောင်သာမြို့အနောက်ဘက် ၈ မိုင်ခန့်အကွာ၊ ဇဂျမ်းကျေးရွာ၏ အနောက်မြောက်ဘက် ၅ မိုင်ခန့်အကွာရှိ သီးကုန်းကျေးရွာတွင် ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းအရ ဒေါ်မိုးစန္ဒာသည် ဇူလိုင် ၂၆ ရက် ညနေ ၅ နာရီခန့်တွင် သီးကုန်းကျေးရွာရှိ မိခင်ဖြစ်သူ၏ နေအိမ်သို့ ရောက်ရှိနေခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် အနီးကပ်ပြုစုစောင့်ရှောက်ရန် သွားရောက်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိနေစဉ် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် PDF အဖွဲ့ဝင် ၄ ဦးခန့်သည် ဆိုင်ကယ် ၃ စီးဖြင့် လက်နက်ငယ်များ ကိုင်ဆောင်ကာ သီးကုန်းကျေးရွာရှိ နေအိမ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့က ဒေါ်မိုးစန္ဒာအား “စစ်ဆေးမေးမြန်းစရာရှိသည်” ဟု ပြောဆိုကာ မျက်နှာအား အဝတ်မည်းဖြင့် စည်းကာ ဆိုင်ကယ်ဖြင့် တင်ဆောင်၍ သီးကုန်းကျေးရွာတောင်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN