(မှုခင်း) ဇူလိုင် ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ မြင်းဒိုက်ဘူတာတွင် တောင်ကြီး-သာစည် ပြေးဆွဲနေသည့် အမှတ် (၁၄၂) အစုန်ရထားပေါ်တွင် ဘိန်းစိမ်းများ သယ်ဆောင်လာသူ ၂ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က ကလောမြို့နယ်၊ မြင်းဒိုက်ဘူတာတွင် တောင်ကြီး-သာစည် ပြေးဆွဲနေသည့် အမှတ် (၁၄၂) အစုန်ရထားအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ဆေးခဲ့ရာ အထက်တန်းတွဲ ခုံအမှတ် B-6, C-6 တွင် လိုက်ပါ လာသည့် ခရီးသည် ဂျူလီယာထွန်း နှင့် အောင်ကျော်ဆန်းတို့ ၂ ဦး သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်း ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး ၁၀ ထုပ်၊ အဖြူရောင် ဆာလာအိတ်အတွင်း ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး ၁၀ ထုပ်နှင့် အပြာရောင် ဆာလာအိတ်အတွင်း ဘိန်းစိမ်းဟု ယူဆရသော အမဲရောင်အစေး ၁၀ ထုပ်၊ စုစုပေါင်း အထုပ် ၃၀၊ အလေးချိန် ၃၀ ကီလိုဂရမ်ခန့်၊ တန်ဖိုးငွေကျပ် သိန်း ၉၀ န့်အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိန်းစိမ်းများ သယ်ဆောင်လာသူ ဂျူလီယာထွန်းနှင့် အောင်ကျော်ဆန်းတို့ ၂ ဦးအား ကလောမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က) / ၂၁ ဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များတရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN