
(ဆောင်းပါးကဏ္ဍ) ဇွန် ၁၄
ချစ်နိုင်စစ်ပညာ
“What is necessary to change a person is to change his awareness of himself.”
Abraham Maslow (1908-1970)
လူတစ်ယောက်ပြောင်းလဲဖို့ဆိုတာမှာ သူကိုယ်တိုင်က သူ့ကိုသူပြောင်းလဲရန်သိစိတ်ရှိရခြင်းကား အဓိက လိုအပ်ချက်ဖြစ်၏။
အေဘရာဟမ် မတ်စလို(၁၉ဝ၈-၁၉၇ဝ)
နိဒါန်း
ဤစာအုပ်ကို ဖတ်ရှုနေသူသည် လူကြီးဖြစ်ကောင်းဖြစ်မည်။ လူငယ်လူရွယ်လည်းဖြစ်ချင်ဖြစ်မည်။ အထက်တန်း၊ အလယ်တန်းကျောင်းသူ ကျောင်းသားအရွယ်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစာမျက်နှာဤဆောင်းပါးကို ဖတ်ရှုသူသည် ခရစ်နှစ် ၂ဝဝဝ ကျော်ပြီးမှ မွေးဖွားလာသော လူငယ်မျိုးဆက်သစ်များဖြစ်လျှင် ပိုပြီးအကျိုးရှိစေ၊ ထိရောက်စေပါလိမ့်မည်။ အကျိုးတရား ကြီးမားစေပါလိမ့်မည်ဟု စာရေးသူကယူဆပါသည်။ ဤစာအုပ်ကိုဖတ်ကြည့်သူသည်အသက်အရွယ်ကြီးသူအတွက်လည်း အမှတ် တရဗဟုသုတဖြစ်စေ၊ ရသခံစားမှုဖြစ်စေ၊ မလွဲမသွေရစေမည်မှာ သေချာပါသည်။ အတွေ့အကြုံကောင်းများစွာ ဖြတ်သန်းခဲ့ကြပြီးသူများအားလုံးလိုလိုဖြစ်ကြသောကြောင့် အဆိပ်အတောက်အပြစ်အနာအဆာကင်းသော စာပေများဟု ယုံ ကြည်ထိုက်ပေသည်။ ပါမောက္ခများ၊ ကထိကများ၊ ဤမန္တလေးတက္ကသိုလ်ကြီးမှ ဆင်းသွားခဲ့ကြသည့် ကျောင်းသူ ကျောင်းသားဟောင်းများ၊ စာပေပညာရှင်များ ပါဝင်ရေးသားကြသည်ကြောင့်ဖြစ်လေသည်။
ရေးကြမည့်ရည်ရွယ်ချက်များသည်လည်း ကောင်း မွန်ကြလိမ့်မည်ဟု စာရေးသူက အပြည့်အဝယုံကြည်နေပါသည်။ ရေးသားကြသောအကြောင်းအရာများကား ကျွန်ုပ်၏ တစ်ကိုယ် တည်း ထင်မှတ်မျှော်လင့် သည်မှာ အတိတ်အကြောင်းများက ပိုမိုများကောင်းများလောက်သည်ဟု ယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် အသက်ကြီးသူ၊ ပညာကြီးသူတို့ကား နေထိုင်ခဲ့ရသော အချိန်များက ရှည်လျားခဲ့ပြီး နေရဦးမည့် အနာဂတ်ကမူ တိုတောင်းလှပြီမဟုတ်လား။ ၂ဝ ရာစုအကြောင်းအရာများကို များများရေးသားကြပြီး ၂၁ ရာစုအကြောင်းအရာများအတွက်တော့ နည်းပါးနိုင် သည်ဟု ဤဆောင်းပါးရေးနေဆဲတွင်တွေးထင်ထားမိ၏။ မှန်ချင်မှ မှန်ပါလိမ့်မည်။

အနာဂတ်
အနာဂတ်အတွက်အဓိက အရေးကြီးသည်က မှန် ကန်ကြောင်း အားလုံးသိကြပြီး ဖြစ်သကဲ့သို့ အတိတ်က ဖြတ်သန်းတွေ့ကြုံခဲ့ရသော သက် ကြီးဝါကြီးများ၏ အတွေးအခေါ်အမြော် အမြင်တို့သည်လည်းတန်ဖိုးရှိကြပါ၏။ အတိတ်မှသင်ခန်းစာအကောင်းအဆိုးများကို အကြောင်းအကျိုးသုံးသပ်ကာ အနာဂတ်ကို လှပကောင်းမွန်အောင်ထူထောင်တည်ဆောက်ကြရစမြဲမဟုတ်ပေလား။ ဂျဝါဟာလာနေရူး(၁၈၈၉-၁၉၆၄)၊ အိန္ဒိယဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ဖူးသော အိန္ဒိယနိုင်ငံရေး ခေါင်းဆောင်က “သီအိုရီသဘောတရားတစ်ခုသည် လက်တွေ့အကောင်အထည်ပေါ်အောင်(ဖိဖိစီးစီး) အသုံးချတတ်ရပေမည်”ဟု ဆိုမိန့်ခဲ့ပေသည်။ သံရိုင်းကို သံမဏိဖြစ်အောင် အပူပြင်းပေး၍ ပုံစံလောင်းသလိုလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဖြစ်စေ အတိတ်အကြောင်း အရာများကိုမှတ်မှတ်သားသားမှတ်တမ်းတင်ပေးခြင်းများကို ကျေးဇူးတင်ထိုက်လှပေသည်။ စာရေးသူတို့ မန္တလေးတက္ကသိုလ်ကျောင်းသားဘဝက လမ်းပေါ်မှာမြင်နေရသော မြင်းလှည်းများ၊ ဆိုက်ကားများ၊ ထိုစဉ်ကာလအမှတ်(၆) ဘတ်စ်ကားလိုင်းများလည်း ယခုခေတ်မှာမရှိကြတော့ပေ။ ထိုအချိန်က မန္တလေးတွင် တက္ကစီ၊သုံးဘီးကားစသည်တို့ မရှိကြပေ။ ဆိုင်ကယ်လည်းမြင်ရခဲပါသည်။ စက်ဘီးများသာ အများအားဖြင့် စီးကြပါသည်။ ယနေ့အခြေအနေနှင့်ကားမတူတော့ပြီ။ နောင် ၁ဝ နှစ်၊ အနှစ် ၂၀ တွင်
ဒီဇယ်၊ ဓာတ်ဆီတို့ထည့်သုံးသော ကားမျိုး၊ ယာဉ်မျိုးပင်ရှားပါးပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားလောက်အောင် နည်းပညာနှင့် သိပ္ပံဘက်မှ ပြောင်းလဲမှုများက အရှိန်အဟုန်လျင်မြန်လွန်းနေတော့သည်။
မည်သို့ဆိုစေအတိတ်သမိုင်းကိုတော့ မေ့ပစ်ထားရစ်၍မရချေ။

အတိတ်
အနာဂတ်ကို ကောင်းမွန်အောင် ထူထောင်တည် ဆောက်ကြမည်ဆိုပါလျှင် အတိတ်ကကောင်းသော အမွေများစွာကို လက်ဆင့်ကမ်းသယ်ဆောင်အသုံးချရမည်သာ။ အတိတ်က အားနည်းချက်များ၊ လွဲချော်မှုများ၊ မှားယွင်းမှုနှင့် အံမကိုက်သော အရာများကို လက်ထဲမှ ချခဲ့ရပေမည်။ ပြောင်းလဲကြရမည်လေ။
၂ဝ ရာစုကုန်ဆုံးလွန်မြောက်ခဲ့ပြီး ၂၁ ရာစုထဲ ၂၅ နှစ်(လေးပုံတစ်ပုံ)ရောက်ရှိနေပြီဖြစ်သည့်အလျောက် ၂၁ ရာစု၏ နိုင်ငံတကာအခြေအနေ၊ နိုင်ငံတစ်ခုချင်း၏ အတက်အကျအခြေအနေ၊ ကမ္ဘာ့နိုင်ငံရေးသြဇာနှင့် နိုင်ငံတကာအခင်းအကျင်းသည် အရှိန်အဟုန်လျင်မြန်စွာပင် တရိပ်ရိပ်တိုးတက်ပြောင်းလဲနေဆဲဖြစ်ကြောင်းသတိပြုမိကောင်းပါ၏။ ဘယ်အရာမှ ပုံသေကားကျမရှိကြ။ “တိုင်းပြည်များတွင်ထာဝရမဟာမိတ်မရှိ။ ထာဝရအကျိုးစီးပွားသာရှိ၏”ဟု လော့ဒ်ပါလ်မာစတန်၏ ရေးသားချက်သည် ကြာလေ မှန်ကန်ကြောင်းသက်သေထင်ရှားလေလေဖြစ်ပေသည်။ အချိန်နှင့်တစ်ပြေးညီ အသိအမြင်ကျယ်ကြရန် လိုအပ်လေသည်။
အရွယ်
အချိန်ကာလ အပိုင်းအခြားအကန့်အသတ်၏ အရေးကြီးပုံကိုအကျယ် မဖော်ပြတော့ပါ။ စာဖတ်သူလည်းသိရှိနားလည်ထားပြီးဖြစ်ပါမည်။ လူ့ဘဝ၏ သက်တမ်းသည် ရပ်တန့်၍မနေ။အချိန်နှင့်အမျှ ရင့်ကျက်လာရစမြဲဖြစ်ရာ ယေဘုယျအားဖြင့် အသက်အရွယ်အပိုင်းအခြား(ဇာတကပါဠိတော်လာအရ)ဆယ်ပိုင်းရှိလေသည်။
(၁) ၁ဝ နှစ်အတွင်း ပညာနုံ့သောကလေးငယ်
အရွယ်
(၂) ၂ဝ နှစ်အတွင်း စိတ်ပျံ့လွင့်သောအရွယ်။
(၃) ၃ဝ နှစ်အတွင်း အဆင်းလှသောအရွယ်။
(၄) ၄ဝ နှစ်အတွင်း အားကောင်းသောအရွယ်။
(၅) ၅ဝ နှစ်အတွင်း ပညာဉာဏ်ကောင်းသော
အရွယ်။
(၆) ၆ဝ နှစ်အတွင်း အားအင်ဆုတ်ယုတ်သော
အရွယ်။
(၇) ၇ဝ နှစ်အတွင်း လေးလံထိုင်းမှိုင်းသော
အရွယ်။
(၈) ၈ဝ နှစ်အတွင်း ကိုင်းညွတ်သောအရွယ်။
(၉) ၉ဝ နှစ်အတွင်း တွေဝေမောသော အရွယ်။
(၁ဝ) ၁ဝဝ နှစ်အတွင်း မထသောအိပ်ခြင်းဖြင့် နေ
တတ်သောအရွယ်။
အခွင့်အလမ်း
တက္ကသိုလ်ကျောင်းသူ ကျောင်းသားတို့၏ ဘဝအပိုင်းအခြားသည်ကား နုနယ်သောကလေးအရွယ်ထက်လည်းကောင်း၊ အိုမင်းယိုယွင်းသောသက်ကြီးပိုင်းထက် လည်းကောင်း၊ ဘဝသက် တမ်းတစ်ခုမှာ အခွင့်အလမ်းအထူးအကောင်းဆုံး၊ တန်ဖိုးအရှိဆုံးသောအချိန်ကာလတွင် တန်ဖိုးအမြင့်ဆုံး အသက် အရွယ်အပိုင်းအခြားတစ်ရပ်ဖြစ်နေပါသည်။ တန်ဖိုးအရှိဆုံးအပြုအမူလုပ် ဆောင်ချက်များဖြင့် မိမိဘဝကိုမြှင့်တင်ခွင့်အခွင့်အရေးရရှိခြင်းဖြစ်ပေတော့သည်။
အရွယ်၏သဘာဝအရအဆင်းအလှဆုံးအချိန်၊ နုပျိုလှပကိုယ်ခန္ဓာအချိုးအကျဆုံးကာလပိုင်း။
တက္ကသိုလ်ပညာသင်ချိန် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ရှစ်နှစ်စသဖြင့် ပညာရည်နို့သောက်စို့ပြီးမြောက်ပါက တက္ကသိုလ်မှအပ်နှင်းသော ဘွဲ့အရည်အချင်းနှင့်အညီ မိမိကိုယ်ကိုတန်ဖိုးအမြင့်ဆုံး မိဘဆွေမျိုး၊ လူမျိုးကောင်းကျိုးကိုသည်ပိုးနိုင်သူ၊ ဤကမ္ဘာမြေနှင့်လူသားအားလုံးအတွက်ပါကောင်းကျိုးရွက်ဆောင် အောင်မြင်နိုင်သူအဖြစ် ပညာစွမ်းအားတို့ဖြည့်စွမ်းခွင့်ရသူ။ ကံထူးသူဖြစ်ရပေပြီ။
မူလတန်းပညာပြီးရုံမျှဖြင့် ကျောင်းဆက်မတက်နိုင်သော ကျောင်းနေဘက်များ တွေ့ဖူးပါလိမ့်မည်။
အလယ်တန်းအောင်ပြီးဆက်လက်ပညာမသင်ယူနိုင်သောအခြေအနေကြောင့်ကျောင်းထွက်သွားရသော သူငယ်ချင်းများလည်းရှိခဲ့ပေမည်။
အခြေခံပညာအထက်တန်းအထိ တက်ခွင့်ရကြသော်လည်း တက္ကသိုလ်ဝင်စာမေးပွဲမအောင်သဖြင့်ဖြစ်စေ၊ မိသားစုစီးပွားရေးအခြေအနေကြောင့် ဖြစ်စေ၊ တက္ကသိုလ်ပညာကိုဆက်လက်ဆည်းပူးခွင့်မရရှာဘဲ ပညာသင်ယူခြင်းကုန်ဆုံးသွားသော ရောင်းရင်းများလည်းကိုယ်တိုင်မြင်တွေ့ခဲ့ရမည်။
စင်စစ်မူတက္ကသိုလ်တစ်ခုခုတွင် တက္ကသိုလ်ကျောင် းသူ ကျောင်းသားများ စုစုဝေးဝေး ဝေးရာနှင့် ထောင်နှင့်ချီပြီးများလှပြီဟုထင်ရပါသော် လည်း တစ်နိုင်ငံလုံးရှိ အရွယ်ကောင်းလူငယ်လူရွယ်ပေါင်းများစွာ များစွာတို့သည် အကြောင်းအမျိုးမျိုးဖြင့် တက္ကသိုလ်စာသင်ခန်းထဲသို့ ဝင် ရောက်ခွင့်မရရှာသူတွေက အသောင်း၊ အသိန်း များလှပါ၏။
မိဘကျေးဇူး
မိခင်မန္တလေးတက္ကသိုလ်မှာ ဝိဇ္ဇာဘွဲ့(စိတ်ပညာဘာသာအဓိက) ဘွဲ့ရအောင် စာရေးသူတက်ရောက်ခွင့်ရခဲ့ခြင်းကလည်း အလယ်တန်းပြအစိုး ကျောင်းဆရာမျှသာဖြစ်ရှာသော ကျေးဇူး ရှင်ဖခင်၏ ကြိုးကြိုးစားစားစုစုဆောင်းဆောင်းဖြင့် မရမနေ သားကို တက္ကသိုလ်တက်စေချင်လွန်းသဖြင့်သာဖြစ်ပါ၏။ တောရွာလေးတစ်ရွာမှ တက္ကသိုလ်တက်ခွင့်ရဖို့ဆိုသည်ကား စင်စစ်မူမလွယ်ကူလှပေ။
အဖေ့စေတနာကို ငယ်စဉ်ကပင် သိမြင်ခဲ့သဖြင့် အခြေခံပညာသူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ကျောင်းစာပညာကြိုးစားခဲ့ပါ၏။ နှစ်တန်းကျောင်းသားအရွယ်မှစ၍ဖခင်သည် ကလေး ဂျာနယ်၊ကာတွန်း၊ရုပ်ပြစသည် ဖတ်စရာများနှင့် ရင်းနှီးအောင်လစဉ် မပြတ်ဝယ်ပေးခဲ့ပါ၏။
လောကတွင်ဆရာသုံးမျိုးရှိကြသည်။ ကျောင်းမှာသင်ပြသော ဆရာဆရာမတို့ကား အထူးအရေးကြီးပါ၏။ စေတနာ၊ သင်ကြားမှုပညာ ကျွမ်းကျင်မှု၊ စိတ်ရှည်သည်းခံမှုတို့ဖြင့် ပြုစုပျိုးထောင်ခဲ့ကြပါ၏။ သင်ဆရာအပြင် မြင်ဆရာ၊ ကြားဆရာတို့ကား မိမိပတ်ဝန်းကျင်ရှိဦးကြီး၊ ဘကြီး၊ ဒေါ်ကြီး၊ အရီးလေး၊ ဒွေးလေး၊ ဆွေမျိုးသားချင်း၊ ရပ်ရွာလူ အားလုံးက ရှောင်စရာကိုတားမြစ်၊ ဆောင်စရာကို သတိပေး၊ အမှန်တရား၊ တရားမျှတမှု၊ စာနာမှု၊ မေတ္တာထားနိုင်မှု၊ ကူညီဖေးမမှု၊ ရပ်ကျိုးရွာကျိုးပါဝင်ဆောင်ရွက်ချင်အောင်၊ ဆောင်ရွက်တတ်အောင် သင်ပြလေ့ကျင့်၊ ပြုပြင်ပေးခြင်းများဖြစ်ပေတော့သည်။
ပတ်ဝန်းကျင်
မြင်ဆရာ၊ ကြားဆရာတို့တွင် အနုပညာရှင်များလည်းပါဝင်သည်။ ဇာတ်မင်းသား၊မင်းသမီး၊ ရုပ်ရှင်၊ အငြိမ့်၊ ရေဒီယို၊ ဓာတ်စက်ဓာတ်ပြား၊ မြန်မာ့အသံ၊ ဘီဘီစီစသည် အားလုံးသော ပတ်ဝန်း ကျင်အထိအတွေ့အငွေ့အသက်များ ပါဝင်ပါ၏။
မန္တလေးတက္ကသိုလ်တွင် ၁၉၆၆-၇ဝ လေးနှစ်တာ ကာလအတွင်း မိမိအသက် ၁၈ နှစ်မှ ၂၁နှစ်အပိုင်း အခြား၌ မြင်ရ၊ ကြားရ၊ ထိတွေ့ခံစားကြရသော လေ့လာမှတ်သားစရာအားလုံးသည် မိမိဘဝကိုဖွံ့ဖြိုးတိုးတက်အောင်မြေတောင်မြှောက်ပေးခဲ့သော ကျေးဇူးတင်ထိုက်သူများပင် ဖြစ်ပါသည်။ ထိုစဉ်က ပါမောက္ခချုပ် ဦးဘတုတ်၊ ဦးနက်၊ ဦးလှရွှေ၊ ဦးကျော်မြင့်တို့မှစ၍ ဒေါက်တာစိန်တူ၊ ဦးခင်မောင်သန်း၊ ဒေါက်တာညီဝင်းမှန်၊ ဒေါက်တာကိုကိုကြီး၊ ဦးအုန်းဖေ၊ ဒေါ်ကြင်စိန်၊ ဒေါ်ကြည်ကြည်လှ၊ ဒေါက်တာထွန်းသန်း စသောဆရာကြီး ဆရာမကြီးတို့၏ကြီးမားလှသော ကျေးဇူးတရားကို တစ်သက်တာလုံး မမေ့ခဲ့ပါ။
နိဂုံး
ပညာလိုလားအထူးကြိုးစားအောင်၊ ဌာနစာကြည့် တိုက်ရော၊ မန္တလေးတက္ကသိုလ်ပင်မစာကြည့်တိုက်ပါ အချိန်ရသမျှ ဖတ်ရှုလေ့လာစုဆောင်းရန် တိုက်တွန်းအားပေးခဲ့ကြသူများ၊ အဆောင်မှူးများကို အမှတ်တရပူဇော်ကန်တော့ပါသည်။ ၂၁ ရာစုကာလကိုဖြတ်သန်း တည် ဆောက်ကြမည့် လူငယ်များစာပေပညာကို ကိုယ်ပိုင်အချိန်မှာ မွေ့လျော်နိုင်ကြပါစေ။
တက္ကသိုလ်ပညာဆိုသည်ကား ကိုယ်ပိုင်အချိန်များပါ အသုံးချ၍ ကိုယ်တိုင်စိတ်ပါဝင်စားစွာ ရှာဖွေလေ့လာ(မေးမြန်း) စုဆောင်းကာသုတေသနပြုစုခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ ပြင်ဆင်ပြုစုတင်ပြခြင်းစသည့် လက်တွေ့လုပ်ရပ်များဖြင့် ရင့်ကျက်မြင့်မားရခြင်းဖြစ်ပါသည်။
တက္က=တက်ကနိ=နည်းပညာ၊ အတတ်ပညာလည်းတတ်မြောက်ရပါမည်။သိုလ်= သီလ= အကျင့်တရားလည်း ကောင်းမွန်ဖြူစင်ရပါသည်။ တိုင်းပြည်နှင့်လူမျိုးကို ကောင်းကျိုးဆောင်နိုင်သူများဖြစ်ကြပါစေ။
#PAN