(မှုခင်း) ဇူလိုင် ၃၁
ရှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့နှင့် ကလောမြို့ကြားရှိ ပြည်ထောင်စု ကားလမ်းမပေါ်တွင် ယနေ့ နံနက်အစောပိုင်းက အိမ်စီး မော်တော်ယာဉ်တစ်စီး တံတားဘောင်အား တိုက်မိခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၃၁ ရက်၊ နံနက်၁ နာရီအချိန်ခန့်တွင် ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း အောင်ပန်းမြို့မှ ကလောမြို့သို့ မောင်းနှင်လာသည့် အိမ်စီးမော်တော်ယာဉ်တစ်စီးသည် အောင်ပန်း-ကလော လမ်းပိုင်း DENKO စက်သုံးဆီဆိုင် အလွန်ရှိ တံတားဘောင်အား အရှိန်မဟန်း တိုက်မိကာ တံတားအောက်သို့ ထိန်းမနိုင်ဘဲ ပြုတ်ကျခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသည့် အမျိုးသမီး ဆရာဝန်တစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ပြီး မော်တော်ယာဉ်ပေါ်တွင် ပါရှိသည့် အိမ်မွေးခွေးတစ်ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဥ်တိမ်းမှောက်သည့်နေရာသို့ နယ်မြေခံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရရှိသူ အမျိုးသားတို့အား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN