
(ဆောင်းပါးကဏ္ဍ) မေ ၂၂
ချစ်နိုင်စစ်ပညာ
နိဒါန်း
လောကဇာတ်ခုံပေါ်မှာ လူတွေဟာ ကိုယ်ကျရာ ဇာတ်ရုပ်နေရာမှာ ဆီလျော်အောင်၊ အဆင်ပြေအောင်ကပြလှုပ်ရှားနေကြရတာပါ။ ဇာတ်ရုပ်ရဲ့ သဘာဝ သဘောလက္ခဏာတွေကတော့ ရှေ့ကလူတွေကြည့်မြင်ပြီးအတုမြင်အတတ်သင်ရင်းနဲ့ပဲ သဘာဝကျအောင် သရုပ်ဆောင်သွားရတာပါပဲ။ ခေါင်းဆောင်နေရာရောက်လာသူတွေဟာ သူ့တာဝန်အရ ဇာတ် ကောင်သုံးခုရဲ့ အခန်းကဏ္ဍကိုလုပ်ဆောင်ကပြကြရပါတယ်။ အရပ်ထဲမှာပဲဖြစ်စေ၊ ရုံးဌာနကုမ္ပဏီမှာဖြစ်စေ၊ ခရီးသွားအဖွဲ့မှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ ခေါင်း ဆောင်လုပ်ရတဲ့လူဟာ ပီပီပြင်ပြင်သရုပ်ဆောင်ဖို့ တာဝန်ကျလာတယ်လို့ဆိုကြပါစို့။ သူဟာ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ်၊ အသက်ကြီးသူဖြစ်ဖြစ်၊ ငယ်ရွယ်သူဖြစ်ဖြစ်ခေါင်းဆောင်နေရာတာဝန်ယူရသူဟာ ဒီဇာတ်ရုပ်သုံးခုအနေနဲ့ အသက်ဝင်အောင်လှုပ်ရှားကပြရမှာပဲ။
(၁) မိခင်ဇာတ်ရုပ်
(၂) ဖခင်ရဲ့ သရုပ်နဲ့
(၃) ဆရာရဲ့ နေရာသရုပ်သကန်။
အိုးနဲ့ကြိုး
မြန်မာဆိုရိုးစကားရှိတယ်။ ဒေါင်ဒေါင်မြည်မှ အိုးသုံးလွန်းတင်မှကြိုးတဲ့။ ကြားဖူးကြတဲ့ အစဉ် အလာပါ။တီးခေါက်စမ်းကြည့်လို့ဒေါင်ဒေါင်မမြည်ဘဲ ဂွပ်ဂွပ်မြည်ရင် အိုးကွဲ၊ အိုးအက်ပဲ၊ ရေထည့်လို့မရ၊ ဆီထည့်လို့မရ၊ ဆန်ထည့်လို့မရ၊ ဒေါင်ဒေါင်မြည်တဲ့ အိုးဆိုရင်တော့ ဒီအိုးက အိုးကောင်းပဲပေါ့။
သုံးလွန်းတင်မှ ကြိုးပီပီသသခိုင်တယ်။ စိတ်ချရတယ်။ ကြိုးဆိုတာ အသုံးပြုတဲ့နေရာမှာခိုင်မှ သေချာတယ်။ လုံခြုံတယ်။ အဆင်ပြေတယ်။ တစ်လွန်းတည်းပါတဲ့ ကြိုးက ပြတ်လွယ်တယ်။ နှစ်လွန်းတင်တဲ့ကြိုးလည်းတကယ်တင်းရင် ပြတ်တာပဲ။သုံးလွန်းတင်တဲ့ကြိုး မှန်ရင်တော့ ဂုန်နီလျှော်၊ နာနတ်လျှော်၊ ပလတ် စတစ်၊ ရော်ဘာကြိုးမျိုးပဲဖြစ်ဖြစ်သူဟာ ကြိုးတာဝန်ကို ကောင်း ကောင်းမွန်မွန်ခိုင်မာစွာ သုံးလို့ရတာ သေချာတယ်။ အိုးရဲ့လက္ခဏာ၊ ကြိုးရဲ့လက္ခဏာလိုပါပဲ။ ခေါင်းဆောင်ဆိုရင်လည်း ခေါင်းဆောင်ကောင်းဆိုသူတွေမှာတော့ မိဘ၊ ဆရာဆိုတဲ့ အခန်းကဏ္ဍကပြသရုပ်ဆောင်ကြရတဲ့ လူသုံးယောက်ရဲ့အနှစ်သာရရှိပါမှ အသွင်သဏ္ဌာန်ကလည်းဟန်ပါတယ်။ မာန်ပါတယ်။ ခေါင်းဆောင်နေရာမှာ ပီပီသသနှစ်နှစ်ကာကာ ဖြစ်ပါလိမ့်မယ်။ ဒီစကားမျိုး၊ ဒီသဘောမျိုးကိုတော့ ပြောတဲ့သူရှိမှာပါ။ ရပ်ထဲရွာထဲက လူကြီးသူမများ နားလည်သိမြင်ကြပြီးသားပါ။ အချို့က ထုတ်ဖော်ပြောဆိုခြင်းမရှိတာ၊ စိတ်ထဲကတော့သိကြပါတယ်။
ခေါင်းဆောင်ကောင်း
ရပ်ထဲရွာထဲမှာပဲကြည့်ကြည့်၊ ကိုယ့်နိုင်ငံနိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်အကြောင်းတွေပဲ လေ့လာကြည့်ကြည့် သမိုင်းရာဇဝင်ကိုကြည့်ကြည့်၊ အမိ၊ အဖ၊ ဆရာဆိုတဲ့ သင်္ကေတလက္ခဏာပါတဲ့ ခေါင်းဆောင်များသာလျှင် သူ့ရဲ့လက်အောက်ငယ်သားများရဲ့ ယုံကြည်အားကိုးမှု၊ ထောက်ခံအားပေးမှု၊ ပူးပေါင်းလုပ်ဆောင်တာဝန်ကျေပွန်မှုတွေကြောင့် အောင်မြင်မှုတွေရခဲ့ကြကြောင်းတွေ့ကြရပါလိမ့်မယ်။
ခေါင်းဆောင်ကောင်းဟာ အမိနေရာ၊ အဖနေရာနဲ့ ဆရာသမားနေရာ တာဝန်ကျေကျေလုပ်နိုင်လေလေ ခေါင်းဆောင်လိုချင်တဲ့ ပန်းတိုင်ရည်မှန်းချက်များလည်း အောင်မြင်လေလေပေါ့။မိခင်ရဲ့နေရာအခန်းကဏ္ဍမှာတင်ပြစရာ၊ ဖော်ပြစရာတွေ အများကြီးရှိပေမယ့် စာဖတ်သူလည်း သိရှိနားလည်ပြီးသားမို့ အတိုချုံ့အနှစ်ချုပ်သာ အထင်ရှားဆုံး တစ်ချက်သာပြောပါရစေ။ ဝမ်းနဲ့လွယ်မွေးခဲ့ရသူမို့ ဖခင်ထက်တောင် မိခင်က သားသမီးအပေါ်ချစ်တဲ့ ချစ်ခြင်းမေတ္တာဇာတ်ကြောင်းတွေသာဓကပြစရာ အများကြီးရှိပြီးသားပါ။ ထင်ရှားပြီး သားပေပဲ။
အနောက်တိုင်းစိတ်ပညာလေ့လာနည်းတွေထဲ စမ်း သပ်မှုစိတ်ပညာဆိုတာလည်း ဘာသာရပ်တစ်ခုပါဝင်တယ်။ ဓာတ်ခွဲခန်း၊ သိပ္ပံခန်းနဲ့ ယုန်ကလေးတွေ၊ ကြွက်ကလေး၊ ပူးကလေးတွေလည်းပါကြတယ်။
မိခင်စိတ်
အကြိမ်ပေါင်းများစွာ စိတ်ပညာစမ်းသပ်ခန်းတွင် စစ်ဆေးစမ်းသပ်မှ ရလဒ်အဖြေအရသတ္တဝါတွေမှာပင် မိခင်စိတ်(Moternal Drive)ဟာ အံ့ဩစရာကောင်းလောက် အောင်အပြင်းထန်ဆုံးပဲဆိုတာ လက်တွေ့သိမြင်ကြရတယ်။
ချစ်မိရင်အရူးအမူးပဲဆိုတဲ့ သဘောကြောင့် လိင်စိတ်ဟာ စွမ်းအားအပြင်းဆုံးနေမှာပဲလို့ ထင်မှတ်ခဲ့ဖူးတာတွေဟာ မိခင်စိတ်က အဆများစွာ စေ့ဆော်မှု မမှန်ဘူးခင်ဗျာ။ လိင်ဆန္ဒစိတ်ထက် စွမ်းအားပြင်းထန်ကြောင်းတွေ့ရှိခဲ့ကြပါတယ်။ ကဲ… ဘာပြောမလဲ။ သတ္တဝါတွေမှာဇာတိစိတ်တွေရှိကြတယ်။
မိတ်ဆွေအနေနဲ့ ချစ်ခင်ကြတာရှိတယ်။
ဆွေမျိုးအဖြစ်ချစ်ခင်ကြတယ်။
ချစ်သူအနေနဲ့ ချစ်ခင်တွယ်တာတယ်။
မိခင်အနေနဲ့သားသမီးကိုချစ်တယ်။
မိခင်ရဲ့ မေတ္တာသံယောဇဉ်ကသာ အခက်အခဲအတားအဆီးဘေးဒုက္ခအမျိုးမျိုးကို ဖြတ်သန်းပြီး (အချို့ဆို အသက်ကိုတောင်စွန့်၍)အကြီးမားဆုံးအချစ်နိုင်ဆုံးပါပဲ။
ခေါင်းဆောင်ကောင်းမှာ မိခင်စိတ်ရှိနေရင်တော့ အမှန်တကယ်လေးစားတန်ဖိုးထားစရာဖြစ်တာပေါ့။ စာရေးဆရာဥဒေါင်းဆိုတာရှိခဲ့ ဖူးတယ်။ စာရေးဆရာကြီးရွှေဥဒေါင်းရဲ့ လက်ရင်းတပည့်နှစ်ဦးရှိခဲ့ဖူးတယ်။ ဆရာသော်တာတွေနဲ့ ဆရာငွေဥဒေါင်းတဲ့။ ဆရာ ငွေဥဒေါင်းရေးဖူးတဲ့ သူ့ရဲ့ ငယ်စဉ်ဘဝက အမေတစ်ခုသားတစ်ခု (ငယ်စဉ်ကပင် ဖခင်ကွယ်လွန်ခဲ့ပုံရပါတယ်။ မိခင်က ဆင်းဆင်းရဲရဲနဲ့ တစ်ဦးတည်းသော သားလေးသူ့ ကို အလေးထားချစ်ရှာတယ်။)သားကို ထမင်းကျွေးပြီးသူကတော့ ဆန်ပြုတ်ပဲသောက်ရှာသတဲ့သူ့အမေ။ မိခင်မေတ္တာရဲ့ ကြီးမားပုံသာဓကတွေကို ဆရာငွေဥဒေါင်း(ခေါ်) ဦးကြီးမောင်ရေးတာတွေဟာ ရင်ထဲဖို လှိုက်နှလုံးခိုက်အောင်ဖတ်ခဲ့ဖူးပါတယ်။ ဆရာငွေဥဒေါင်းရေးခဲ့တာတွေထဲမှာ “ဗုဒ္ဓစာပန်းချီ” ဇာတ်တော်ဖြစ်စဉ်များ ရှစ်အုပ်တွဲဟာ ထင်ရှားပါတယ်။ စာကောင်းပေကောင်းတွေဖတ်ဖူးချင်ရင် ရှာဖတ်သင့်ပါတယ်။ စာကြည့် တိုက်များဆီ သွားရမှာပါ။
မိခင်ရဲ့ကြီးမားတဲ့ မေတ္တာစွမ်းအားနဲ့ တန်ခိုးကတော့ မြတ်စွာဘုရားက ကျေးဇူးရှင်များကို ဝါစဉ်မှာပင် မာတာမိခင်က (၁)၊ ပီတ ဖခင်က(၂) ရှေ့နောက်စဉ်ပုံကို သတိပြုမိတယ်မဟုတ်လား။ မိခင်ရဲ့ကျေးဇူးဂုဏ်ဟာ အကြီးမားဆုံးဆိုတာ အားလုံးသိပြီးသားပါ။
ဖခင်စိတ်
အဖေ့ရဲ့ ကျေးဇူးဂုဏ်ကလည်းဆပ်လို့ မကျေနိုင်မကုန်နိုင်အောင်များပေတာပဲ။ သားသမီးအပေါ် အဖေက ကြင်နာငဲ့ညှာခဲ့ပုံများအနက် ကျွန်တော် လေးငါးနှစ်သားအရွယ်က အိပ်နေပြီဖြစ်ပေမယ့်(အချိန် ၇ နာရီ ၈ နာရီခန့်ဖြစ်မှာပေါ့)ကြက်သားဟင်းချက်တာက နောက်ကျသွားတယ်ဆိုရင်နှိုးကျွေးလေ့ရှိတယ်။ အစားကောင်းကြိုက်တတ်တာကတော့ သဘာဝပေကိုး။ အဖေကတောင်ပံရိုး၊ ခြေထောက်ရိုး၊လည် ချောင်းရိုးပဲ စားရှာတယ်။ ရင်အုပ်သားပေါင်သားဆို ကျွန်တော်ပဲစား။ သားလေးစား။
အမြဲတမ်းထုံးစံဆိုတော့ ကြီးလာတဲ့အထိ အဖေ့ရဲ့ အနစ်နာခံပုံတွေကို တွေးလေတွေးလေသိမြင်လာလေလေ သားအပေါ်ထားတဲ့ ချစ်ခင်ကြင်နာ ဂရုစိုက်တာတွေပိုမိုနားလည်ခဲ့ရပါတယ်။ ဖခင်လို သဘောလက္ခဏာရှိတဲ့ ခေါင်းဆောင်ဆိုရင် ချစ်ခင်အားကိုးစရာကောင်းတဲ့ ခေါင်းဆောင်ပါ။
ဆရာသခင်
အာစရိယဆရာများရဲ့ မိမိတပည့်အပေါ်ထားလေ့ရှိတဲ့ စေတနာကလည်းရေတွက်လို့ မကုန်နိုင်အောင် ကျေးဇူးတရားကြီးမားတာမဟုတ်လား။ အထူးမတင်ပြတော့ပါ။ အကျယ်ဖော်ပြသာဓကတင်စရာ မလိုတော့ပါ။ ကျွန်တော့်ဆရာတွေရဲ့ ကြင်ကြင်နာနာနဲ့ သေသေချာချာ စေတနာထားပြီး လမ်းမှန်ညွှန်ပြသွန်သင်ဆုံးမခဲ့လို့ လူတစ်လုံး သူတစ်လုံးဖြစ်လာတာလေ။
စာဖတ်သူစဉ်းစားကြည့်နော်
ဘဝအဆက်ဆက် ကျင်လည် ကြတဲ့ သံသရာခရီးရှည်ကြီးထဲမှာ အမေအဖြစ်ဆုံရတယ်။အဖေအဖြစ်ကြုံရတယ်။ ဆရာသမားများအနေနဲ့တွေ့ ဆုံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဟာ မိမိရွေးချယ်ထားတာမဟုတ်ဘဲ ရှေးရေစက်ကြောင့် ဆုံစည်းခဲ့ကြခြင်းပါလား။
အမေကို မိမိရွေးချယ်ခဲ့ခြင်းမဟုတ်ခဲ့။
အဖေကိုလည်း မိမိရွေးချယ်ခဲ့ခြင်းမဟုတ်ခဲ့။
ဆရာတွေလည်း မိမိမှာ ရွေးပိုင်ခွင့်မရှိခဲ့။
သို့ရာတွင်-
ရွေးခွင့်
အဖေအမေနဲ့ ဆရာနဲ့တူသော ခေါင်းဆောင်ကောင်းကိုတော့(ရချင်လည်းရမယ်၊ ရချင်မှလည်း ရလိမ့်မယ်ဆိုသော်လည်း ဘာပဲဖြစ်ဖြစ်) သင့်မှာရွေးချယ်ပိုင်ခွင့်ရှိနေတယ်။ ကလေးငယ်၊ လူငယ်အချို့ကိုတော့ မဆိုလိုပါလေ။
ပြည်သူလူထုရဲ့ ဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခဲ့ရတဲ့ လူထုကိုယ်စားပြုသူကိုယ်စားလှယ်များပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ ဥပဒေပြုရေးအာဏာ၊အုပ်ချုပ်ရေး အာဏာနဲ့ တရားစီရင်ရေးအာဏာများကို လွှဲအပ်စီမံတဲ့ ဒီမိုကရေစီစနစ်အရ ဥပ
ဒေနဲ့အညီအုပ်ချုပ်စေခြင်းကို မိမိတို့ကိုယ်တိုင်ဆန္ဒမဲအညီအုပ်ချုပ်စေခြင်းကို မိမိတို့ကိုယ်တိုင် ဆန္ဒမဲပေးခွင့်ရခြင်း။ ဒါဟာ ဒီမိုကရေစီရဲ့ အရင်း အမြစ်အခြေခံမဟုတ်လား။
လူဆိုင်းဆန္ဒမဲပေးပိုင်ခွင့်ရှိတာတော့မဟုတ်ဘူး။ ဥပဒေနဲ့အညီ မြို့နယ်ကိုယ်စားလှယ်အတွက် ဒေသလွှတ်တော်အနေနဲ့ရယ်၊ ပြည် ထောင်စုလွှတ်တော်ရယ်၊ အမျိုးသားလွှတ်တော်ရယ်၊ နိုင်ငံသားတိုင်းက ဆန္ဒမဲပေးရွေးချယ်ခွင့်ရှိပါတယ်။
အရွေးခံမယ့်သူတွေက အသက်ကန့်သတ်ချက်ကိုက်ညီရမယ်။ နိုင်ငံသားအမိအဖက မွေးလာသူဖြစ်ရမယ်။ ကိုယ်ကျင့်တရားကောင်းရမယ်။ သာသနာ့ဝန်ထမ်းမဟုတ်ရ။ ဥပဒေကျူးလွန်လို့
ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား (ထောင် သား)မဟုတ်ရ။ ထိုက်သင့်တဲ့ အာမခံချက်နဲ့ ပညာအရည်အချင်းရှိရမယ်။
ဆန္ဒမဲပေးရွေးချယ်ခွင့်ရှိသူတွေကတော့ ယေဘုယျအားဖြင့် နိုင်ငံသူ နိုင်ငံသားအားလုံးပါပဲ။သို့သော်- အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။
သာသနာ့နွယ်ဝင်မဖြစ်ရပါ။
ထောင်သားမဟုတ်ရပါ။
ရူးသွပ်သူမဖြစ်ရပါ။
(ဆွံ့အ၊ နားမကြားသူကတော့ သူပေးလိုက ပေးနိုင်ပါတယ်) လူနာလည်းပေးခွင့်ရှိတယ်။သူတစ်ပါးဖြားယောင်း၊ ခြိမ်းခြောက်လှည့်စားဆွဲဆောင်မှုမပါဘဲ မိမိစိတ်ဆန္ဒအတိုင်းပေးနိုင်တယ်။
နိုင်ငံသားတစ်ယောက်အနေနဲ့ မဲပေးချင်လည်းပေးလို့ရတယ်။ မပေးဘဲနေချင်လည်းနေလို့ရတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဟန့်တားခွင့်၊ တားဆီးခွင့်၊ ပိတ်ပင်ခွင့် မရှိပါဘူး။ဒီမိုကရေစီစနစ်အရအထွေထွေရွေးကောက်ပွဲဟာ အဓိကအရေးကြီးလှတဲ့ အစိုးရရွေးချယ်ပွဲသဘောပဲမို့၊ မိမိကြိုက်ရာကို လွတ်လပ်စွာ(ဘယ်သူမှ သိခွင့်မရှိ၊ပြောပြနေစရာလည်းမလို) ရွေးချယ်ခွင့်ရတဲ့ လူ့အခွင့်အရေးဖြစ်ပါတယ်။
စာရေးသူက ဘယ်သူ့ကို မဲပေးစေချင်တာလဲ။
ဘယ်သူဘယ်ဝါမရှိပါ။ ကိုယ်တိုင် ကြိုက်ရာကို ရွေးပြီး ရဲရဲပေးလိုက်ပါ။ မပေးခင်တော့ စဉ်းစားပေါ့။ ဘာစဉ်းစားရမှာလဲ မေးလာရင် ခေါင်း ဆောင်နေရာပေးရန်ရွေးရမယ့်လူရဲ့ အင်္ဂါရုပ်၊ စိတ်နေစိတ်ထားလေးတော့ အကဲခတ်သင့် တာပေါ့။ ဥပမာ-
“လူတစ်ယောက်ဟာ ယုံကြည်ထိုက်သူဖြစ်
အောင်ရိုးသားရမယ်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမယ်။
လေးစားထိုက်သူဖြစ်အောင်ဖြူစင်ရမယ်။
ကြည်ညိုထိုက်သူဖြစ်အောင် ပေးဆပ်နိုင်သူ
ဖြစ်သင့်ပါတယ်”
နိဂုံး
အဲလိုလူစားမတွေ့လို့ မပေးချင်ဘူးဆိုလည်း သဘောပဲ။ မပေးဘဲနေလည်း လွတ်လပ်ခွင့်ရှိလို့ရပါတယ်။ ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်း ခြိမ်း ခြောက်မှုမျိုးမဆို ကြောက်စရာမလို၊ ဒူးထောက်စရာမလိုပါ။
#PAN