ဧရာဝတီမြစ်အတွင်း ကလေး(၄)ဦး ရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွား

(မှုခင်း) ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းချိုးသည့် ကလေး(၄)ဦး ရေနစ် သေဆုံးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့ မှတ်(၁)ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ဧရာဝတီမြစ်အတွင်း ရုံးညောင်ပင်စက်လှေဆိပ်တွင် ဧပြီလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့်က ကလေး(ကျား)(၄)ဦးရေဆင်းချိုးရာမှ ရေနစ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ အခင်းဖြစ်နေရာသို့ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရေနစ်သေဆုံးသွားသော ကလေး (ကျား)(၄)ဦး(သေဆုံး)အား ရှာဖွေတွေ့ရှိခဲ့ပြီး ဂရုဏာရှင်နာရေးကူညီမှုအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ညောင်ဦးခရိုင် ကုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။