“အင်းလေးဖောင်တော်ဦးဘုရားကို သီတင်းကျွတ်အမီ ပြုပြင်နိုင်ရန် စီစဉ်နေ”

(ပြည်တွင်း) ဧပြီ ၂၂

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့တဲ့ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကို သီတင်းကျွတ်အမီ ပြုပြင်နိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။

မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်မှာ ဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော်၊ ဒေသစာရီကြွချီတော်မူရာမှာ အသုံးပြုတဲ့ ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိတဲ့ အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ရပါတယ်။

လက်ရှိမှာ ဘုရားဖူးဧည့်သည်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဘုရားဂေါပကအဖွဲ့က ဘုရားကျောင်းတော် ပေါ်ကို တက်ရောက်ကြည်ညိုခွင့်ကို ယာယီရပ်ဆိုင်းထားပါတယ်။

ဒါ့အပြင် ပြင်ဆင်မှုများကို ယခုနှစ် သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော်ကာလအမီ ပြီးစီးနိုင်ရန်အတွက် ကျွမ်းကျင်ပညာရှင်များနှင့် လုပ်သားများက အရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။