(နိုင်ငံတကာ) ဧပြီ ၁၂
တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုနှစ်အတွင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် လာမည့်ရက်သတ္တပတ် အတွင်း အရှေ့တောင်အာရှနိုင်ငံ သုံးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖျင် အနေဖြင့် ဗီယက်နမ်နိုင်ငံသို့ ဧပြီလ ၁၄ ရက်မှ ၁၅ ရက်ထိသွားရောက်မည်ဖြစ်ပြီး မလေးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့သို့ ဧပြီလ ၁၅ ရက်မှ ၁၈ ရက်ထိသွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြထားသည်။
အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှု မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ အဓိကအိမ်နီးချင်းနိုင်ငံ များနှင့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေးရည်ရွယ်ချက်ဖြင့် အဆိုပါအရှေ့တောင်အာရှနိုင်ငံ သုံးနိုင်ငံသို့ သွားရောက် ရန် သမ္မတ ရှီကျင့်ဖျင် က စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတ ဒေါ်နယ်ထရန့် ဦးဆောင်သည့် အမေရိကန်အစိုးရအဖွဲ့သည် အမေရိကန်နိုင်ငံသို့တင်ပို့မည့် တရုတ် ထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်ထားသည်။
တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံကလည်း လက်တုံ့ပြန်၍ အမေရိကန်ထုတ်ကုန်များကို အခွန်စည်းကြပ်မှုများ ပြုလုပ်ထားရာ ကမ္ဘာ့စီးပွားရေးအင်အားကြီးမားသည့် တရုတ်နှင့် အမေရိကန်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာမှုများ ပေါ်ပေါက် ခဲ့ရသည်။
တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖျင် က ကတိပြုထားကြောင်း သိရသည်။
#PAN