အွန်လိုင်းလိမ်လည်မှု (Telecom Fraud)နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၄၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံပြည်နှင် လွှဲပြောင်းပေးအပ်


(မှုခင်း) ဧပြီ ၁၁

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam)နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling)လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို ပြတ်ပြတ်သားသားစုံစမ်းဖော်ထုတ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့ – ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အိန္ဒိယနိုင်ငံသား ၃၂ ဦး၊ ကာဇက်စတန်နိုင်ငံသား ၄ ဦး၊ ကာဂျစ္စတန် နိုင်ငံသား ၈ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား ၂ ဦးနှင့် ရုရှားနိုင်ငံသား ၁ ဦး စုစုပေါင်း ၄၇ ဦးတို့ကို ယမန်နေ့တွင်မြန်မာ – ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ကောင်စစ်ဝန် H.E. Mr. Pranav Ganesh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ကာဇက်စတန်သမ္မတနိုင်ငံသံရုံးမှကောင်စစ်ဝန် Mr. Zhenis Mambetaliyev နှင့်တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ ဆိုင်ရာ ဥဇဘက်ကစ္စတန်သမ္မတနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr.Nuriddin Mamatkulov နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Police Attache Mr. Dmitry Trushkin နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၇၄၀ ဦးကို စစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၇၂၇၈ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ၁၄၆၁ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူများအား ခြိမ်းခြောက်ထိခိုက်မှုများရှိလာသည့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုမျိုးစုံကို အမျိုးသားရေးအသွင်ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းလက်တွဲကာ ထိထိရောက်ရောက် ပြတ်ပြတ်သားသားတိုက်ဖျက်နှိမ်နင်းပြီး ထိန်းသိမ်းလွှဲပြောင်းပေးလျက် ရှိပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်တို့ကလည်း အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုအပါအဝင် အွန်လိုင်းဒုစရိုက်မှုလုပ်ငန်းများ မရှိစေရေးဖော်ထုတ်ခြင်း၊ အရေးယူခြင်းတို့ကို ပြတ်ပြတ်သားသားကိုင်တွယ် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN