(ပြည်တွင်း) ဧပြီ ၁၁

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယူအေအီးနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများတင်ဆောင်လာသည့် Aerostan လေကြောင်းလိုင်းမှ လေယာဉ်သည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ပြီး အဆိုပါလေယာဉ်တွင် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် လှူဒါန်းသည့်ဆေးဝါးများနှင့် ယာယီတဲများ စုစုပေါင်း (၆၅)ထုပ်၊ (၂၄၈၆၀)kg ကိုတင်ဆောင်၍ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ယူအေအီးနိုင်ငံ၊ UAE Air Force မှ Cargo Flight (ကယ်ဆယ်ရေးပစ္စည်း)တင်ဆောင်လာသည့်လေယာဉ်သည် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်သင့် ဒေသများအတွက် လှူဒါန်းသည့်အစားအစာများနှင့် ယာယီတဲများ စုစုပေါင်း (၃၆)ထုပ်၊ (၃၃၅၈၂)kg တင်ဆောင်၍ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးသန်းစိုးနှင့် တာဝန်ရှိသူများက လက်ခံကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရောက်ရှိလာသည့်ကယ်ဆယ်ရေး ပစ္စည်းများအား လိုက်လံ ကြည့်ရှုပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး ယူအေအီးနိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် ကူညီကယ်ဆယ်ရေးအဖွဲ့တို့အား တွေ့ဆုံနှုတ်ဆက်၍ ကူညီမှုများအပေါ် ကျေးဇူးတင် စကားပြောကြားကာ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ရောက်ရှိလာသည့်ပစ္စည်းများကို တပ်မတော်သားများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များ ပေါ်သို့တင်ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews