(အားကစား) မတ်လ ၂၅

အခုနှစ် ဖော်မြူလာဝမ်းရာသီ ဂရင်းပရီပွဲစဉ် ၂ ခု ယှဉ်ပြိုင်အပြီး ချန်ပီယံအမှတ်ပေးဇယားမှာ မက္ကလာရင် အသင်းဖော် ပီယက်စ်ထရီနဲ့ အပြိုင်အဆိုင်ဖြစ်နေတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဗြိတိန်ကားမောင်းသမား နောရစ် က ပြောကြားသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ ဩစတြေးလျ ဂရင်းပရီမှာ နောရစ် အနိုင်ရခဲ့သလို အခုတစ်ပတ် ယှဉ်ပြိုင် ခဲ့တဲ့ တရုတ်ဂရင်းပရီမှာ မက္ကလာရင်အသင်းဖော် ပီယက်စ်ထရီ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဆု အမှတ်ပေးဇယားမှာ မက္ကလာရင်အသင်းကားမောင်းသမား ၂ ဦးပြိုင်ဆိုင်မှုက အကြိတ်အနယ် ရှိလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ နောရစ် က ပီယက်စ်ထရီ ကို ၁၀ မှတ်အသာ ရထားသေးတယ်ဆိုပေမယ့် လာမယ့်ပွဲစဉ်တွေမှာ ပီယက်စ်ထရီ အနေနဲ့ နောရစ် ကို အနီးကပ်ခြိမ်းခြောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။
အသင်းဘက်ကကားမောင်းသမား ၂ ဦးစလုံးကို ထိန်းချုပ်ထားတာမျိုးမရှိသလို လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ခွင့် ပေးထားတဲ့အတွက် လာမယ့်ပွဲတွေက စိတ်လှုပ်ရှားစရာ ပိုကောင်းလာပါလိမ့်မယ်လို့ နောရစ် က ပြောကြားသွားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews