ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဇော်စိုးကို ခန့်အပ်


(ပြည်တွင်း) မတ်လ ၂၅

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ဟောင်း ဦးဇော်ဇော်စိုးကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ သိရပါတယ်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်ပြီးဖြစ်သည်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဦးဇော်ဇော်စိုးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနရဲ့ ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သလို ၂၀၂၀ မတိုင်ခင်က ဟောင်ကောင်က မြန်မာသံရုံးကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ကမ္ဘောဒီးယား၊ ဖနွမ်းပင်တွမှာ ကျင်းပခဲ့တဲ့ အာဆီယံ အကြီးတန်းကာကွယ်ရေးအရာရှိများ အစည်းအဝေး (ADSOM) နဲ့ ADSOM-Plus အစည်းအဝေးတွေကို နိုင်ငံတကာဆက်ဆံရေးဌာရဲ့ ဒုညွှန်ကြားရေးမှူးတာဝန်နဲ့လည်း တက်ရောက်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က အင်ဒိုနီးရှား၊ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံအစိုးရချင်း လူ့အခွင့် အရေးကော်မရှင် အထူးအစည်းအဝေးကို တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဦးဇော်ဇော်စိုးဟာ စင်္ကာပူက မြန်မာသံရုံးအတွက် သံရုံးတာဝန်ခံ/ သံအမတ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ခန့်အပ်ခံရသူဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က တာဝန်ပြီးဆုံးလို့ ပြန်လည်ထွက်ခွာခဲ့သူ တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာ အလုပ်သမားရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံခဲ့ရတဲ့ ထိုင်းသံအမတ်ကြီး ဦးချစ်ဆွေနေရာမှာ ဦးဇော်ဇော်စိုးကို တာဝန်ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN