ဗြိတိန်နိုင်ငံသို့ အလည်အပတ်လာရောက်ရန် ချားလ်စ်ဘုရင်၏ ဖိတ်ကြားချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်ခံ


(နိုင်ငံတကာ) မတ်လ ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဗြိတိန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ကို အလည်အပတ်လာရောက်ရန် ချားလ်စ်ဘုရင်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က သမ္မတ ထရမ့် နှင့် အိမ်ဖြူတော်၌ တွေ့ဆုံစဉ် ချားလ်ဘုရင်၏ ဖိတ်ကြားစာကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ချားလ်စ်ဘုရင်၏ ဖိတ်ကြားစာကို ဖွင့်ဖတ်ပြကာ ဗြိတိန်နိုင်ငံသို့ အလည်အပတ်ဖိတ်ကြားမှုကို လက်ခံခဲ့ပြီး ဂုဏ်ယူပါကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားသည်။

သမ္မတ ဒေါ်နယ်ထရမ့် သည် ၂၀၁၉ ခုနှစ်တွင် ဘုရင်မကြီး အဲလိဇဘက်(၂)၏ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခဲ့သည်။

ယခုအဆိုပြုထားသည့်ခရီးစဉ်သည် ဒုတိယမြောက်နိုင်ငံတော်ခရီးစဉ် ဖြစ်လာမည် ဖြစ်သည်။ နိုင်ငံခြားခေါင်းဆောင်တစ်ဦးကို နိုင်ငံတော်ဧည့်သည်အဖြစ် နှစ်ကြိမ်လက်ခံကျင်းပရန် ဗြိတိန်နိုင်ငံအတွက် ရှားပါးလှသည်။

ယင်းသို့ သမ္မတ ထရမ့် အား နိုင်ငံတော်ဧည့်သည်အဖြစ် နှစ်ကြိမ်ဖိတ်ကြားမှုသည် နှစ်နိုင်ငံဆက်ဆံရေးခိုင်မာမှုကို ပြသခြင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က အလေးပေးပြောကြားခဲ့သည်။

ဒေါ်နယ်ထရမ့် ၏ ဗြိတိန်နိုင်ငံသို့ ပထမဆုံးခရီးစဉ်အတွင်း ဘုရင်မကြီး အဲလိဇဘက် ဧည့်ခံပွဲကျင်းပနေသည့် ဘက်ကင်ဟမ်နန်းတော်ရှေ့၌ ထရမ့် အား ဆန့်ကျင်သူအချို့က ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN