(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိ

ဖေဖော်ဝါရီ ၁၂

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု ဝယ်ယူကြသည်။

ယနေ့ပြပွဲ ဒုတိယနေ့သို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များ လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်များ၊ တစ်နိုင်တစ်ပိုင် MSME လုပ်ငန်းများ စတင်လုပ်ဆောင်ကြမည့် လုပ်ငန်းရှင်များ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာခဲ့ကြရာ ပြခန်းအလိုက် တာဝန်ရှိသူများက MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက်နှင့် နည်းပညာများ မျှဝေပေးခြင်း၊ ပြည်တွင်း/ ပြည်ပဈေးကွက်များသို့ မိမိတို့လုပ်ကိုင်နေသည့် လုပ်ငန်းများအလိုက် လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေရန်၊ လုပ်ငန်းများအလိုက် ကြုံတွေ့ရမည့် အခက်အခဲများနှင့် ဖြေရှင်းဆောင်ရွက်နည်းများကို အသိပညာပေးဆွေးနွေးမျှဝေပေးကြရာ လုပ်ငန်းရှင်များအပြင် အသိပညာဗဟုသုတရရှိလိုသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။

ထို့ပြင် ပွဲတော်သို့လာရောက်ကြသည့် ပြည်သူများကို သက်ဆိုင်ရာ တိုင်းရင်းသားရိုးရာပြခန်းများအလိုက် ခင်းကျင်းပြသရောင်းချပေးနေကြသည့် တိုင်းရင်းသားအဖွဲ့များက ရင်းနှီးနွေးထွေးစွာ ကြိုဆိုကြပြီး ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အထင်ကရနေရာများ၊ ဒေသတွင်းလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များနှင့် ဒေသအလိုက် ရိုးရာအစားအစာများ၊ MSME ထုတ်ကုန်များအကြောင်းကို နွေးထွေးပျူငှာစွာ ရှင်းလင်းပြသပေးကြရာ ပွဲတော်လာပြည်သူများသည် စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြပြီး တိုင်းရင်းသားအဖွဲ့များဖြင့် ဂုဏ်ယူစွာ အမှတ်တရဓာတ်ပုံရိုက်ကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များနှင့် ရိုးရာအစားအစာပြခန်းများ၌လည်း ဒေသအလိုက်ထွက်ရှိသည့် ရိုးရာအစားအစာများ၊ ဒေသထွက် MSME ကုန်ထုတ်လုပ်ငန်းများ၊ One Region One Product ထုတ်ကုန်များအပါအဝင် ပြည်ပသို့ တင်ပို့ ရောင်းချနေသည့် MSME ထုတ်ကုန်များအကြောင်းကို ပွဲတော်လာပြည်သူများ ဗဟုသုတအဖြစ် သိရှိနိုင်ရေးအတွက် အသေးစိတ်ခင်းကျင်းပြသထားသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ ပြခန်းများ၌လည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့်သီချင်းများနှင့် မျိုးချစ်စိတ်နှင့် ဇာတိမာန်ကို တက်ကြွစေမည့်သီချင်းများ ဖွင့်လှစ်ဖျော်ဖြေတင်ဆက်ပေးကြရာ ပွဲတော်လာပြည်သူများအနေဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ စည်းလုံးညီညွတ်သည့် သွေးချင်းညီအစ်ကို စိတ်ဓာတ်များ ခံစားရရှိစေခဲ့ပြီး ပြည်ထောင်စု၏ အနှစ်သာရကိုလည်း ပိုမိုပေါ်လွင်စေခဲ့သည်။

အလားတူ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှထွက်ရှိသည့် MSME ထုတ်ကုန်များ၊ တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းများနှင့် ရိုးရာဝတ်စုံများကို ပြည်သူများ စိတ်ကြိုက်ဝယ်ယူနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပြီး နှစ်သက်မြတ်နိုးစွာဖြင့် ဝယ်ယူကြသူများဖြင့်လည်း စည်ကားလျက်ရှိရာ ဒေသအလိုက် ဆောင်ရွက်နေသည့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရန် အားပေးမြှင့်တင်ပေးရာရောက်သည့် မြင်ကွင်းတစ်ခုလည်းဖြစ်သည်။

ထို့ပြင် ပွဲတော်လာပြည်သူများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရိုးရာအစားအစာများကို တစ်နေရာတည်းတွင် စိတ်အေးချမ်းသာစွာ မြည်းစမ်းစားသုံးနိုင်ရန်အတွက် ရိုးရာအစားအစာဆိုင်များ ဖွင့်လှစ်၍ သန့်ရှင်းလတ်ဆတ်စွာ ရောင်းချပေးလျက်ရှိရာ နှစ်ခြိုက်စွာ ဝယ်ယူစားသုံးကြသည့် ပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တိုင်းကျိုးပြည်ပြုတေးသီချင်းများ၊ ခေတ်ပေါ်တေး သီချင်းများ၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများ ပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာ ပြည်သူများပျော်ရွှင်စွာဖြင့် တစ်ခဲနက် ပါဝင်ဆင်နွှဲကြသည်။

#PAN

Telegram link

https://t.me/positiveanglenews