ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ညာဘက်လက် မောင်း ပြတ်တောက်သွားသော လက်အား ပြန် လည် ဆက်ပေးသည့် ခွဲစိတ်ကုသမှုအောင်မြင်စွာဆောင်ရွက်

မေ ၂၈

      မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့တွင် နေထိုင်သည့် အသက်(၃)နှစ်အရွယ် မိန်းကလေး သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့၊ နံနက် ၉ နာရီအချိန်တွင် မိဘများနှင့် ဆိုင်ကယ်စီးလာရာ မျက်နှာချင်းဆိုင်မှ ထွေလာဂျီနှင့်တိုက်မိသော ကြောင့် ညာဘက်လက်မောင်း ပြတ်တောက်သွားသည့် ဒဏ်ရာ (Amputated Right Arm)ဖြင့် ပြည်သူ့ဆေးရုံ၊ အောင်လံမြို့မှတစ်ဆင့် ရန်ကုန် ပြည်သူ့ဆေး ရုံကြီးသို့ ယင်းနေ့ ညနေ ၄ နာရီအချိန်တွင် ရောက်ရှိလာခဲ့ပြီး အဆိုပါကလေးငယ်၏ပြတ်တောက်သွားသောလက်အား ပြန် လည်ဆက်ပေးသည့် ခွဲစိတ်ကုသမှုကို ယင်းနေ့ ညနေ ၅ နာရီ အချိန်မှစတင်ကာ ည ၁၀ နာရီ ၂၀ မီးနစ်အချိန်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။

       လူနာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် အရေးပေါ် ကုသမှု ဌာနမှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန် ထမ်းများမှ အရေးပေါ်ပြုစုကုသမှုများ ပြုလုပ် ပြီးနောက် လိုအပ်သော စမ်းသပ်စစ်ဆေးမှုများပြုလုပ်ခြင်းကို အချိန်နှင့်တစ်ပြေးညီ ပြုလုပ်၍ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(လက်ပိုင်းဆိုင်ရာခွဲစိတ်) ဒေါက်တာတင်ထွန်းအောင်နှင့် အထူးကုဆရာဝန်(လက်ပိုင်းဆိုင်ရာခွဲစိတ်)ဒေါက်တာဖြိုးမောင်မောင်တို့ဦးဆောင်သည့် လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုအဖွဲ့၊ ပါမောက္ခ/ဌာနမှူး(မေ့ဆေး) ပါမောက္ခဒေါက်တာမူမူနိုင်၊ ပါမောက္ခ ဒေါက်တာမြစိုး တို့ ဦးဆောင်သည့် မေ့ဆေးအထူးကုဆရာဝန်ကြီးများအဖွဲ့နှင့် သူနာပြုကြီး ဒေါ်အေးအေးခိုင်တို့ ပါဝင်သောသူနာပြုများအဖွဲ့တို့ ပူးပေါင်း၍ ပြတ်တောက်သွားသော လက်အား ပြန်လည်ဆက်ခြင်း (Replantation)ခွဲစိတ်ကုသမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ 

      အထက်ဖော်ပြပါလူနာသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ မှတ်တမ်းများအရ အသက်အငယ်ဆုံး လက်မောင်းပြန်ဆက်သည့် လူနာဖြစ်ပြီး၊ လက်မှာ ခွဲစိတ်ပြီးချိန်မှစတင်၍ သွေးကြောများ ဖြည်းဖြည်းချင်း ပြန်လည်လှည့်ပတ်စီးဆင်းလာပြီဖြစ်သဖြင့် ပြန်လည်သန်စွမ်းရေးအဆောင်သို့ ပြသကာ လေ့ကျင့် ခန်းများ ဆောင်ရွက်ခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ပါသည်။

    အဆိုပါကလေးငယ်အား မေလ ၁၀ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံ ပြန် လည်တက်ရောက်စေ၍ မေလ ၁၆ ရက်နေ့တွင် နောက်ဆက်တွဲကုသမှုဖြစ်သည့် ပြတ်တောက် သွားသော အာရုံကြောများဆက်ခြင်း (Sural Nerve Graft)ခွဲစိတ်ကုသမှုကို ဆောင်ရွက်နိုင်ခဲ့ကာ လေ့ကျင့်ခန်းဆက်လက် ပြုလုပ်လျက်ရှိပြီး ကလေးငယ်၏လက်အခြေအနေကောင်းမွန်လျက်ရှိပါသည်။

     အထက်ဖော်ပြပါ လက်ပြတ်တောက်သွားသည့် လူနာကဲ့သို့ ပြတ်တောက်သွားသောလက်ကို ခွဲစိတ်ကုသမှုဆောင်ရွက်ရန်အတွက် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးပို့မည်ဖြစ်ပါက ပြတ်တောက်သွားသောလက်အား ရေသန့်သန့်  သို့မဟုတ် အကြောဆေးရည် (Normal Saline or Ringer Lactate)ဖြင့် ဆေးပြီးနောက် အကြောဆေးရည်ဖြင့် စိုစွတ်အောင်စိမ်ထားသော ခွဲစိတ်ခန်းသုံး အဝတ်စ (Gauze) ဖြင့်ပတ်၍ သန့်ရှင်းသောပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ထည့်၍ လည်းကောင်း အကြောဆေးရည်ထည့်ထားသော သန့်ရှင်းသောပလပ်စတစ်အိတ် သို့မဟုတ် ဘူးထဲသို့ ထည့်၍ လည်းကောင်း လုံခြုံစွာပိတ်ပြီးနောက် ရေခဲထည့်ထားသော ရေခဲပုံးအတွင်း ထည့်၍ အမြန်ဆုံး လွှဲပြောင်းပေးပို့နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်။

#PAN