မေ ၂၃
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်ကော့ကဒွတ်ကျေးရွာအုပ်စု ၊ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်အောင်နှင့်၎င်းဇနီးဒေါ်သိင်္ဂီမြင့်၊ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးလင်း နှင့်၎င်း၏အစ်ကို ဦးမြင့်ကြည်၊ပေါက်တောကျေးရွာအုပ်စု၊ ကျုံကမိစုရပ်ကွက်တွင်နေထိုင်သော ဦးပြည့်မင်း(NLD ပါတီ၏ အမာခံလူ )တို့သည် မေလ ၈ ရက်နေ့ကကျေးရွာလယ်သမားများစုထဲထားသောငွေကြေးများဖြင့်၎င်းတို့ ၅ ဦးသည် ညောင်လေးပင်မြို့နယ်၊ဖာတေးကျေးရွာတွင်လယ်ယာသုံးစက်ကိရိယာပစ္စည်းများ ဝယ်ယူရန်အတွက်သွားရောက်စဉ် KNU မှဖမ်းဆီးထားသည့်ဆိုသောသတင်းများထွက်ပေါ်လာပြီး ယနေ့အချိန်အထိ ကျေးရွာများသို့ပြန်လည်ရောက်ရှိခြင်းမရှိသေးကြောင်း သိရသည်။
ပေါက်တောကျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးလင်းသည် NLDပါတီ၏အမာခံပါတီဝင် တစ်ဦးဖြစ်သကဲ့သို့ ယနေ့အချိန်ထိ NLDပါတီ၏ လုပ်ငန်းများအား ဆောင်ရွက်ပေးနေသူ တစ်ဦးလည်းဖြစ်ပါသည်။
၎င်းတို့ ၅ ဦးနှင့်အတူငွေကြေးသိန်း ၂၀၀ ခန့်ပါရှိသွားပြီး ၎င်းတို့အား ဆက်သွယ်ပေးမည့်ဟုဆိုကာ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကတကဲရပ်ကွက်တွင်နေထိုင်သော ဦးဌေးမြင့်(သံသယ)ရှိသူက တစ်ဦးလျှင် ၁၅ သိန်းပေးရမည်ဟုပြောဆိုပြီး တစ်ဦးလျှင် ၁၅ သိန်းဖြင့် ၅ ဦးစားအတွက်စုစုပေါင်းငွေ ၇၅ သိန်းအား လာရောက်ယူသွားပြီး မေလ ၁၅ ရက်နေ့တွင် ၎င်းမှ ဆက်သွယ်၍ မရ သောကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ယူဆောင်သွားသော ၇၅ သိန်းတွင် သိန်း ၇၀ သာလာပြန်ပေးခဲ့ကြောင်းသိရသည်။
ပေါက်တောကျေးရွာနေ ဦးမြင့်ကြည်၏သားဖြစ်သူမှာ ညောင်လေးပင်မြို့နယ်၊ ဖားတေကျေးရွာတွင် အိမ်ထောင်ကျနေပြီး ဖခင်ဖြစ်သူဦးမြင့်ကြည်သည် ဖားတေကျေးရွာသို့ မကြာခဏသွားရောက်လေရှိကြောင်း၊ ဖားတေကျေးရွာဘက်တွင်လယ်ယာသုံးပစ္စည်းများဈေးချိုချိုဖြင့်ရသဖြင့် ဦးမြင့်ကြည်က ညီဖြစ်သူပေါက်တောအုပ်ချုပ်ရေးမှူးကို ခေါ်ယူသွားတာဖြစ်ကြောင်း၊ဦးမြင့်ကြည်မှာ ဖားတေကျေးရွာရှိ သားဖြစ်သူနှင့် ဖုန်းအဆက်အသွယ်ရခဲ့သော်လည်း လူချင်းမတွေ့ရတော့ဘဲ ဦးမြင့်ကြည်အပါအဝင် ၅ ဦးမှာ ညောင်လေးပင်မြို့နယ်၊ ဖားတေကျေးရွာကိုလည်းရောက်ရောက်ရှိသွားခြင်းမရှိဘဲ ယနေ့အချိန်ထိ အဆက်အသွယ်မရ၊လမ်းတွင်ပျောက်ဆုံးနေကြောင်း မိသားစုများထံမှသိရှိရသည်။