(ပြည်တွင်း) မေ ၁၀
မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးသက်ထွေးသည် မုဒုံမြို့နယ် ကော့ပရံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ မေ ၁၀ ရက် နံနက် ၈ နာရီအချိန်တွင် ခန်းမဆောင်အဆောက်အဦ ပန္နက်တင်အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို တကခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေးနှင့်အတူ ဒုတိယဥက္ကဌမင်းအောင်မြင့်၊ လူမှုရေးဝန်ကြီး ဦးတင်ဇော်ထွန်းတို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၅၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားမတိုင်မီ ကော့ပရံကျေးရွာ အထက်တန်းကျောင်းမှ ဘင်ခရာတီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး နံနက် ၈ နာရီခွဲတွင် အခမ်းအနားကို စတင်ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်က ကျေးရွာသူ/သားများနှင့် အုပ်ချုပ်ရေးအဖွဲ့များ၏ စုပေါင်းလှူဒါန်းငွေကျပ် သိန်း (၂၀၀၀) ဖြင့် ဆောက်လုပ်မည့် အလျား ၁၀၈ ပေ၊ အနံ ၃၈ ပေရှိ RC (၁)ထပ် ဟောခန်းအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် တာဝန်ရှိသူများက ဟောခန်းအဆောက်အဦ ဆောက်လုပ်မည့်နေရာတွင် ပန္နက်တင်ခြင်းနှင့် အုတ်မြစ်ချခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်အဖွဲ့သည် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာဆက်လက်ထွက်ခွာခဲ့ပြီး မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှိ အမက(မုဒုံဦး)ကျောင်းသို့ ရောက်ရှိခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသီတာအေးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း ၂၅၀ ဦးခန့်မှ ကြိုဆိုခဲ့ကြသည်။အဆိုပါကျောင်း၌ နံနက် ၉ နာရီခွဲတွင် ကျပ် သိန်း (၂၅၀၀) ဖြင့် ဆောက်လုပ်လှူဒါန်းသည့် အလျား ၆၀ ပေ၊ အနံ ၃၅ ပေရှိ RCC (၁)ထပ် ဘက်စုံသုံးခန်းမဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် အလှူရှင် ဦးသန်းအောင်မှ ခန်းမဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ ခန်းမဆောင်သစ်အား လှည့်လည်ကြည့်ရှုကာ ကျောင်းဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
#PAN