(ပြည်တွင်း) မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ အောင်မြေမာန်ရပ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပြင်ပပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ ၁၁၄ ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အစိုးရ၏ ရက် ၁၀၀ “လမင်းစီမံချက်” အစီအစဉ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကလေးမြို့နယ်ဦးစီးမှူးရုံးမှ ဦးမောင်မောင်စိုးနှင့် အဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်းရှိ နတ်ကျီးကုန်း၊ ကျောက်ကာကျေးရွာအုပ်စု၊ အင်ဒိုင်းကြီးကျေးရွာအုပ်စု၊ မော်လိုက်ကလေးကျေးရွာအုပ်စုနှင့် ကျောင်းတိုက်ကျေးရွာအုပ်စုများတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လုံခြုံရေးအရ သွားရောက်ရန်ခက်ခဲသည့် ရပ်ကွက်နှင့်ကျေးရွာများရှိ ပြည်သူများအတွက် မြို့နယ်ဦးစီးမှူးရုံးသို့ ဖိတ်ခေါ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ကျောင်းများဖွင့်လှစ်ချိန်တွင်လည်း ပညာရေးဌာနနှင့်ညှိနှိုင်းကာ အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခု ရက် ၁၀၀ စီမံချက်ကာလအတွင်း (၂၀-၄-၂၀၂၆ မှ ၁၀-၅-၂၀၂၆ အထိ) အသက် ၁၀ နှစ်ပြည့် ကျား ၁၈၀ ဦး၊ မ ၂၁၃ ဦး စုစုပေါင်း ၃၉၃ ဦးနှင့် အသက် ၁၈ နှစ်ပြည့် ကျား ၁၂၁ ဦး၊ မ ၁၁၀ ဦး စုစုပေါင်း ၂၃၁ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

#PAN