ဘိုကလေးမြို့၌ လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ

(ပညာရေး) မေ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လူရည်ချွန်မောင်မယ်များအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့ နံနက် ၇ နာရီတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံ/အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ကြိုဆိုပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ဝင်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံ/အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် တာဝန်ရှိသူများက ပန်းကုံးစွပ်ခြင်း၊ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထို့အပြင် မြန်မာနိုင်ငံကြက်ခြေနီ ဘင်ခရာအဖွဲ့ကလည်း ဂုဏ်ပြုတီးမှုတ်ကြိုဆိုခဲ့ကြသည်။

ယင်းနောက် လူရည်ချွန်မောင်မယ်များဖြစ်သည့် မောင်ဇွဲမြတ်ပိုင်လင်း (Grade 9၊ အ.လ.က (၂)) နှင့် မဆုရတီမြင့် (Grade 9၊ မြင်းကကုန်း အ.ထ.က) တို့အား ဘိုကလေးမြို့ မြို့တော်ခန်းမ၌ ဆက်လက်ဂုဏ်ပြုပွဲကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ် ၇ ရပ်ဖြင့် ကျင်းပခဲ့ပြီး ဆိုကရေးတီးဗဟိုအဆင့် ရွှေတံဆိပ်ဆုရှင် မအေးငြိမ်းသူက “လူရည်ချွန်သီချင်း” ဖြင့် ဂုဏ်ပြုသီဆိုခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်က အနာဂတ်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ဆရာ၊ မိဘနှင့် ကျောင်းသားများ ပူးပေါင်းဆောင်ရွက်ရေး အရေးကြီးကြောင်းနှင့် ပညာရေးအရည်အသွေးမြှင့်တင်ရန် လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံ/အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က လူရည်ချွန်မောင်မယ်များအနေဖြင့် ပညာဖြင့်အနာဂတ်ကိုတည်ဆောက်ပြီး ဒေသနှင့်နိုင်ငံအကျိုးပြုနိုင်ရန် ကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြပြီး နံနက် ၉ နာရီတွင် အထက (၃) ကျောင်းသား/သူများ၏ မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

#PAN