
(နိုင်ငံတကာ)မေ ၁၀
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် အဓိကစီးဆင်းရာလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အတွင်း သင်္ဘောလိုင်းများ ဘေးကင်းလုံခြုံစေရန်အတွက် ဗြိတိန်တော်ဝင်ရေတပ်က အမျိုးအစား ၄၅ ဖျက်သင်္ဘော HMS Dragon ကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်လိုက်ပြီဖြစ်သည်။
အမျိုးအစား ၄၅ ဖျက်သင်္ဘောဖြစ်သည့် HMS Dragon သည် အဆိုပါဒေသတွင် ကြိုတင်နေရာယူ ထားမည်ဖြစ်ပြီး၊ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန (MoD) က “သီးသန့်ကာကွယ်ရေးနှင့် လွတ်လပ်သောမစ်ရှင်” ဟု အမည်တပ်ထားသည့် လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ဖွယ်ရှိသည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် (Emmanuel Macron) တို့က ဤစစ်ဆင်ရေးကို ဦး ဆောင်နေကြခြင်းဖြစ်ပြီး၊ ဝန်ကြီးချုပ် စတာမာက ဒေသတွင်း တိုက်ပွဲများ အဆုံးသတ်သွားပြီးမှသာ သင်္ဘောလိုင်းများ ကာကွယ်ရေးလုပ်ငန်းကို စတင်မည်ဟု ပြောကြားထားသည်။
အီရန်နိုင်ငံသည် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ဟော်မုဇ်ရေ လက်ကြားကို လပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် စုစုပေါင်း ၏ ၂၀ ရာခိုင် နှုန်းခန့်သည် ဤအရေးပါသော ရေ လမ်းကြောင်းကို အသုံးပြုနေရသဖြင့် လမ်းကြောင်းပိတ်ဆို့မှုကြောင့် တစ်ကမ္ဘာလုံးတွင် ကုန်ဈေးနှုန်းများ ထိုးတက်ခဲ့ရသည်။
အမေရိကန်နှင့် အီရန်အကြား ဧပြီလကတည်းက အပစ်ရပ်စဲရေး ရရှိထားသော်လည်း ပဋိပက္ခအတွက် ရေရှည်ဖြေရှင်းချက်ကိုမူ မတွေ့ရသေးပေ။ ယခုအပတ်အတွင်း ၌ပင် နှစ်ဖက်စလုံးက ရေလက်ကြားအတွင်း အပြန်အလှန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲနေကြသည်။
HMS Dragon သည် ဖေဖော်ဝါရီလနှောင်းပိုင်း အီရန် စစ်ပွဲ စတင်ကတည်းက အရှေ့အလယ်ပိုင်းသို့ ပထမဆုံး စေလွှတ်သည့် ဗြိတိန်စစ်သင်္ဘောဖြစ်ပြီး၊ ယခုအပတ်အစောပိုင်းက စူးအက်တူးမြောင်းကို ဖြတ်သန်းသွားသည့် ပြင်သစ်လေယာဉ်တင်သင်္ဘော Charles de Gaulle ၏ နောက် တွင် ထွက်ခွာလာခြင်းဖြစ်သည်။
HMS Dragon သည် မကြာသေးမီက မြေထဲပင်လယ်အရှေ့ပိုင်းရှိ ဆိုက်ပရပ်စ်ကျွန်းမှ ဗြိတိန်လေတပ်စခန်းများကို ကာကွယ်ရန် တာဝန်ယူခဲ့သည်။ မတ်လအတွင်းက ဆိုက်ပရပ်စ်ရှိ ဗြိတိန်လေတပ်စခန်းတစ်ခုကို အီရန်လုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ထိုနေရာတွင် အခြေစိုက်ခဲ့ခြင်းဖြစ်သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ယခုစေလွှတ်မှုကို “ကြိုတင်ပြင်ဆင်မှု၏ အစိတ်အပိုင်း” ဟု ပြောကြားခဲ့ပြီး လိုအပ်လာပါက ကာကွယ်ရေးမစ်ရှင်တွင် ချက်ချင်းပါဝင်နိုင်မည်ဟု ဆိုသည်။ ဝန်ကြီးချုပ် စတာမာက ဗြိတိန်အနေ ဖြင့် စစ်ပွဲအတွင်းသို့ “ဆွဲသွင်းခံရမည်မဟုတ်” ကြောင်းနှင့် အမေရိကန်က အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့ထားမှုအပေါ် ထောက်ခံမည်မဟုတ်ကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။
#HMSDragon #RoyalNavy #StraitofHormuz #MiddleEastConflict #UKNews #OilSecurity #BreakingNews #PositiveAngleNews #GlobalTrade #Maritimesecurity
Telegram»…
https://t.me/positiveanglenews
#PAN