
(နိုင်ငံတကာ)မေ ၁၁
ယူကေနိုင်ငံ၏ ဒေသန္တရရွေးကောက်ပွဲများတွင် လေဘာပါတီ(Labour Party) အကြီးအကျယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ကီယာ စတာမာ(Keir Starmer) သည် ၎င်း၏ ရာထူးတည်မြဲရေးနှင့် နိုင်ငံရေးအသက်ရှင်သန်နိုင်ရေးအတွက် အပြင်းအထန် ရုန်းကန်နေရသည်။ ပါတီတွင်း လွှတ်တော်အမတ်များက စတာမာအား ရာထူးမှနုတ်ထွက်ရန် သို့မဟုတ် ထွက်ခွာမည့်အချိန်ဇယားကို ရှင်းလင်းစွာချပြရန် ဝိုင်းဝန်းတောင်းဆိုလာကြသည်။
ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် လေဘာပါတီသည် အင်္ဂလန်ရှိ ကောင်စီဝင်နေရာပေါင်း ၁,၅၀၀ နီးပါး ဆုံးရှုံးခဲ့ရသည်။ ဝေလပြည်နယ်တွင်လည်း လေဘာပါတီ၏ ၂၇ နှစ်ကြာ အာဏာစိုးမိုးမှုမှာ အဆုံးသတ်သွားခဲ့သည်။ ပါတီတွင်းမှ လေဘာအမတ် ၃၀ ကျော်က စတာမာသည် “လူထု၏ ယုံကြည်မှုကို ဆုံးရှုံးသွားပြီ” ဟု ဆိုကာ ဝေဖန်နေကြပြီး၊ အချို့အမတ်များက ခေါင်းဆောင်သစ် ရွေးချယ်ပွဲအတွက် ပြင်ဆင်နေကြပြီ ဖြစ်သည်။
၂၀၂၄ ခုနှစ်တွင် အပြတ်အသတ် အနိုင်ရကာ အာဏာရလာခဲ့သည့် စတာမာ၏ အစိုးရသည် ယခုအခါ လူကြိုက်များမှု ကျဆင်းနေခြင်းဖြစ်သည်။ ၎င်းအစိုးရအနေဖြင့် လူနေမှုစရိတ်ကြီးမြင့်နေချိန်တွင် ဆောင်း ရာသီ လောင်စာဆီ ထောက်ပံ့ကြေးကို ဖြတ်တောက်လိုက်သည့်အပြင် အမေရိကန်သံအမတ်ကြီး ပီတာ မန်ဒယ်လ်ဆန်၏ ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်နေသည့် အရှုပ်တော်ပုံများကြောင့် ယခုလို လူကြိုက်နည်းလာခြင်းဖြစ်သည်။ ဤအတောအတွင်းတွင် လက်ယာယိမ်း Reform UK နှင့် ဂါဇာအရေးတွင် အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့် ဇက် ပိုလန်စကီ (Zack Polanski) ဦးဆောင်သော Green Party တို့အပေါ် ထောက်ခံမှုများ ပိုမိုမြင့်တက်လာခဲ့သည်။
စတာမာသည် ၎င်း၏ ခေါင်းဆောင်မှုကို ပြန်လည်တည် ဆောက်ရန်အတွက် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကဲ့သို့သော ဝါရင့်နိုင်ငံ ရေးသမားများကို အစိုးရအဖွဲ့အတွင်း ပြန်လည်ခေါ်ယူခဲ့သည်။ စတာမာသည် အများပြည်သူနှင့် ၎င်း၏ ပါတီဝင်များအား ၎င်း၏ ခေါင်းဆောင်မှုကို ပြန်လည်ယုံကြည်လာစေရန် တနင်္လာနေ့တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ မိန့်ခွန်းတွင် ၎င်း၏အစိုးရသည် ဥရောပနှင့် ဆက်ဆံရေးပြန်လည်တည်ဆောက်ရန်နှင့် ဗြိတိန်ကို ဥရောပ၏ အချက်အချာနေရာတွင် ပြန်လည်ထားရှိရန် အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း ထည့် သွင်းပြောကြားမည်ဟု ယူဆရသည်။
အကယ်၍ လေဘာအမတ် ၈၁ ဦး၏ ထောက်ခံချက်ကို ရရှိပါက ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ကျင်းပနိုင်မည်ဖြစ်ရာ၊ ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်း (Wes Streeting)နှင့် ဒုတိယဝန်ကြီးချုပ်ဟောင်း အင်ဂျလာ ရေနာ (Angela Rayner) တို့မှာ ခေါင်းဆောင်သစ်အဖြစ် တက်လာနိုင်သူများအဖြစ် ရေပန်းစားနေသည်။
#KeirStarmer #LabourParty #UKPolitics #UKElection #BreakingNews #PositiveAngleNews #LondonNews #BritishPolitics #GlobalNews
Telegram»…
https://t.me/positiveanglenews
#PAN