(ပြည်တွင်း) မေ ၁၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် “အခြေခံစက်ချုပ်သင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က အမှာစကားပြောကြားရာ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားလူငယ်များအနေဖြင့် ဘဝရပ်တည်မှုအတွက် ခိုင်မာတဲ့အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖိုလိုအပ်ကြောင်း၊ မိမိတိုအစိုးရအဖွဲအနေနဲ့ တိုင်းရင်းသားလူငယ်များရဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ မိသားစုအပိုဝင်ငွေရှာဖွေနိုင်စေရေးဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် တိုင်းရင်းသားဒေသများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ယခုကဲ့သို့ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး လက်တွေ့အသုံးချနိုင်ရန် ကြိုးစားသွားကြရန် တိုက်တွန်းခဲ့သည်။
အခမ်းအနားအပြီးတွင် ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းအတွက် ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို မေ ၁၁ ရက်မှ မေ ၃၀ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ ၂၀ ဦး တက်ရောက်မည်ဖြစ်သည်။
သင်တန်းတွင် အခြေခံလက်ပြတ် (ရင်စေ့)၊ ခေါင်းစွပ်လက်ပြတ်၊ ရင်စေ့လက်ဆက်၊ ရင်ဖုံးလက်ဖောင်း၊ ဂျပန်ကော်လံထောင်၊ နောက်ကွဲဇစ်ပုံစံမျိုးစုံ၊ စတစ်ကော်လံ၊ ဟာဝေယံရှပ်၊ ညဝတ်ဘောင်းဘီ၊ ချိတ်ထမီနှင့် သုံးလွှာစကပ်အပါအဝင် စက်ချုပ်ပညာရပ်များကို စာတွေ့နှင့်လက်တွေ့ ပေါင်းစပ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN