(ပြည်တွင်း) အောက်တိုဘာ ၂၈
ကယားပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာရာမှ ပြန်လည်ရောက်ရှိနေထိုင်ကြသည့် အိမ်ထောင်စု ၆၈ စုအား မွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရန် ဝက် ၃၅ ကောင်၊ ဆိတ် ၁၅ ကောင်နှင့် ကြက် ၁၈၀ ကောင် စုစုပေါင်း တိရစ္ဆာန် ၂၃၀ ကောင်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေသမျိုးသန့်တိရစ္ဆာန်များ ပေးအပ်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နေရပ်ပြန်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နေရပ်ပြန်ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးတက်ရေး၊ ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားစားသုံးမှု ဖူလုံရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်၍ တိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကယားပြည်နယ်တွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခြင်းဖြင့် ပြည်နယ်အတွင်း အသားနှင့်ဥ ထုတ်လုပ်မှုတိုးတက်လာကာ စားသုံးမှုဖူလုံရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးလုပ်ကိုင်သူများအနေဖြင့် လူမှုစီးပွားဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့လာနိုင်သဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်ကြောင်းလည်း ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက နေရပ်ပြန်ပြည်သူများအား မွေးမြူရေးတိရစ္ဆာန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့နယ်ရှိ ထေးသမရပ်ကွက်၊ ပန်ကန်းရပ်ကွက်နှင့် မြေနီကုန်းရပ်ကွက်တို့မှ နေရပ်ပြန်ပြည်သူများအား ဒေသမျိုးသန့်တိရစ္ဆာန်များ ပေးအပ်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များကလည်း လွိုင်ကော်မြို့နယ်ရှိ စိုက်ကွင်း (၃)၊ ကုန်းသာကျေးရွာ၊ ထေးငှားလျား၊ ပန်ကန်းနှင့် မြေနီကုန်းရပ်ကွက်များအပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီကျေးရွာတို့မှ နေရပ်ပြန်ပြည်သူများအား တိရစ္ဆာန်များ အသီးသီးပေးအပ်ခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများအတွက် ပေးအပ်မည့် ဒေသမျိုးသန့်တိရစ္ဆာန်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် နေရပ်ပြန်အိမ်ထောင်စု ၆၈ စုအတွက် ဝက် ၃၅ ကောင်၊ ဆိတ် ၁၅ ကောင်နှင့် ကြက် ၁၈၀ ကောင် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Telegram – t.me/positiveanglenews
#PAN