အီကွေဒေါတွင် တိုက်ရိုက်ထုတ်လွှင့်နေသည့် ဝတ်ပြုဆုတောင်းပွဲအတွင်း လက်ဝါးကပ်တိုင်ပြုတ်ကျ၍ ဘုန်းတော်ကြီးတစ်ပါး ကွယ်လွန်

(နိုင်ငံတကာ) အောက်တိုဘာ ၁၉

အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဂွါယာကီလ်မြို့ရှိ ရိုမန်ကက်သလစ်ဘုရားကျောင်းတစ်ခုတွင် တိုက်ရိုက်ထုတ်လွှင့်နေသည့် ညနေပိုင်းဝတ်ပြုဆုတောင်းပွဲအတွင်း နံရံ၌ တပ်ဆင်ထားသော လေးလံသည့် လက်ဝါးကပ်တိုင် ပြုတ်ကျကာ ဘုန်းတော်ကြီးတစ်ပါး၏ ဦးခေါင်းပေါ်သို့ ထိမှန်ခဲ့သဖြင့် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ Perpetuo Socorro ဘုရားကျောင်းမှ ဘုန်းတော်ကြီး Patricio Sánchez ဖြစ်ကြောင်း ဂွါယာကီလ် ဂိုဏ်းချုပ်သာသနာပိုင်အဖွဲ့က အတည်ပြုထုတ်ပြန်ခဲ့သည်။

စနေနေ့ညက ဝတ်ပြုဆုတောင်းပွဲကို တိုက်ရိုက်ထုတ်လွှင့်နေစဉ် ရိုက်ကူးထားသည့် ဗီဒီယိုတွင် ယဇ်ပလ္လင်အပေါ်ဘက် နံရံ၌ တပ်ဆင်ထားသော လက်ဝါးကပ်တိုင် ပြုတ်ကျလာပြီး ဝတ်ပြုဆုတောင်းပွဲကို ဦးဆောင်နေသည့် ဘုန်းတော်ကြီး Sánchez ၏ ဦးခေါင်းပေါ်သို့ ထိမှန်ခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လူမှုကွန်ရက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ဆက်လက်ပြသနေစဉ် ဝတ်ပြုဆုတောင်းသူများက အကူအညီရရှိရန် အော်ဟစ်တောင်းဆိုခဲ့ကြသည်။

ဘုန်းတော်ကြီး Sánchez သည် နိုင်ငံပေါင်း ၈၀ တွင် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရိုမန်ကက်သလစ်ဘာသာရေးအသင်း Congregation of the Most Holy Redeemer ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ အဆိုပါဘာသာရေးအသင်းကို ၁၇၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသဆိုင်ရာအာဏာပိုင်များ၏ မှတ်ချက်ပေးပြောကြားချက် မရရှိသေးကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN