မင်းလှမြို့နယ်တွင် တောအတွင်း ထင်းခုတ်နေသည့် မောင်နှမနှစ်ဦး နင်းမိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရ

(မှုခင်း) အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် တောအတွင်း ထင်းခုတ်နေသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်နှင့် ၎င်း၏အသက် ၁၅ နှစ်အရွယ် မောင်ဖြစ်သူတို့သည် နင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၈ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က မင်းလှမြို့နယ်၊ ကျောက်ပုံကျေးရွာနေ မမိုးသန္တာအောင်နှင့် မောင်ခိုင်ကျော်ဗိုလ်တို့သည် ကျေးရွာ၏ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာရှိ တောအတွင်း ထင်းခုတ်နေစဉ် နင်းမိုင်းတစ်လုံးကို နင်းမိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုကြောင့် မောင်နှမနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီတွင် မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးကာ ဖြစ်စဉ်ကို စိစစ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

Telegram – t.me/positiveanglenews

#PAN