ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက် နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများ ဆောင်ရွက်ပြီး ပျက်စီးသွားသော လမ်း/တံတားများအား ပြန်လည်ပြင်ဆင် တည်ဆောက်ပေးလျက်ရှိ

(ပြည်တွင်း) စက်တင်ဘာ ၉

တပ်မတော်စစ်ကြောင်းများသည် ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန် လမ်းကြောင်းတစ်လျှောက်တွင် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သောင်းကျန်းသူ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် လမ်းများနှင့် တံတားများအား ပြန်လည်တည်ဆောက် ပြုပြင်ပေးခြင်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှစတင်၍ KNU၊ KNLA နှင့် PDF ပူးပေါင်း အကြမ်းဖက်သောင်းကျန်းသူများသည် ကမမောင်း-ဖာပွန် အဝေးပြေးလမ်းမကြီးအား ယာယီစိုးမိုးကာ ကုန်စည်စီးဆင်းမှု နှောင့်ယှက်ရေးနှင့် ဒေသတွင်း ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ပူးပေါင်းအကြမ်းဖက်အဖွဲ့များသည် လမ်းကြောင်းတစ်လျှောက်ရှိ ရေပူတံတား၊ မိုင် ၄၀ တံတားနှင့် ကညင်ဒုံတံတားတို့အပါအဝင် အဓိက လမ်းတံတား အခြေခံအဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများနှင့် ကုန်တင်ယာဉ်များထံမှ ဆက်ကြေးကောက်ခံခြင်းနှင့် အရပ်သားများအား ညှဉ်းပန်းနှိပ်စက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် သွားလာရေးတို့တွင် ကြီးမားသော အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

သို့ဖြစ်ပါ၍ တပ်မတော်စစ်ကြောင်းများသည် လမ်းကြောင်းအား ပြန်လည်စိုးမိုး ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မေလ ၅ ရက်နေ့မှစတင်ကာ ကမမောင်းမြို့မှတစ်ဆင့် အဆင့်လိုက် စစ်ဆင်ရေးများ စနစ်တကျ စတင်ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာ မေလ ၈ ရက်တွင် ကျောက်ကွင်းလေးရွာ၊ မေလ ၁၀ ရက်တွင် ဝက်သိုးခိုနှင့် မဲဇိုင်းချောင်းဖျားရွာ၊ မေလ ၁၆ ရက်တွင် နေကရွာ၊ မေလ ၁၈ ရက်တွင် ရေပူရွာ၊ မေလ ၂၄ ရက်တွင် မိုင် ၄၀ ရွာ၊ မေလ ၃၁ ရက်တွင် နို့ခဲဒိုးနှင့် ဘော်ကျိုးထရွာ၊ ဇွန်လ ၃ ရက်တွင် ကတိုင်းတီးရွာ၊ ဇွန်လ ၂၃ ရက်တွင် ဘော်ကျိုးလယ်ရွာ၊ ဇွန်လ ၂၄ ရက်တွင် ရှမ်းရွာ၊ ဇွန်လ ၂၇ ရက်တွင် တောင်သူစုရွာ၊ ဇူလိုင်လ ၂၅ ရက်တွင် ပါလွန်လေးရွာနှင့် စက်တင်ဘာလ ၇ ရက်နေ့တွင် ပါလောင်းဂျီရွာတို့အား အသီးသီး အောင်မြင်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း အကြမ်းဖက်အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများက ရန်သူ့ယာယီစခန်း ၁၁ ခု၊ ရန်သူ့အလောင်း ၁၃ လောင်း၊ လက်နက်/ခဲယမ်း ဓာတ်အားပြည့်ဝစွာဖြင့် ၁၅ ဓား/လက်၊ FPV ဒရုန်း ၂၄ စင်း၊ မိုင်းအမျိုးမျိုး ၂၄၃ လုံးနှင့် ဆက်သွယ်ရေးစက်များ အပါအဝင် အခြားစစ်သုံးပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် တပ်မတော် စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အရာရှိများနှင့် ပူးပေါင်း၍ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ရေပူတံတားအား ဇွန်လ ၂၃ ရက်တွင်လည်းကောင်း၊ မိုင် ၄၀ တံတားအား ဇွန်လ ၂၄ ရက်တွင်လည်းကောင်း၊ ကညင်ဒုံတံတားအား ဩဂုတ်လ ၂၄ ရက်တွင်လည်းကောင်း ပြန်လည်ပြင်ဆင် တည်ဆောက်ပေးခဲ့သဖြင့် လက်ရှိတွင် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ပုံမှန် ပြန်လည်ကူးသန်း သွားလာနိုင်ပြီဖြစ်သည်။

တပ်မတော် စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကမမောင်း-ဖာပွန် လမ်းကြောင်း၏ ကျန်ရှိနေသော ဖာလုံဂျီ-ဖာပွန် အပိုင်းအား စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။