နေပြည်တော်၌ ဆိုင်ကယ်များ လိုက်လံခိုးယူသူ တရားခံ ၂ ဦးအား သက်သေခံ ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖမ်းဆီးရမိ

(မှုခင်း) စက်တင်ဘာ ၉

နေပြည်တော်ကောင်စီနယ်မြေအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နေ့/ည လှည့်ကင်းများ၊ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တရားခံ ၂ ဦးအား သက်သေခံ မော်တော်ဆိုင်ကယ် ၁၉ စီးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၂ ရက် နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ စက်ရုံကျေးရွာနေ မထက်ထက်ဖြိုး (၂၈) နှစ်သည် ၎င်းပိုင် Honda Wave-100 ဆိုင်ကယ်ဖြင့် ဈေးကုန်းကျေးရွာရှိ ဆင်သေဈေးသို့ သွားရောက်၍ ဈေးအနီး ရပ်တန့်ကာ ဈေးဝယ်စဉ် ဆိုင်ကယ် ခိုးယူခံခဲ့ရကြောင်းသိရပြီး အဆိုပါပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိနိုင်ရေး ပျဉ်းမနားမြို့မရဲစခန်း၌ (ပ)၁၄၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ (မော်တော်ဆိုင်ကယ်) ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူ စုံစမ်းဖော်ထုတ်ခဲ့ရာ စက်တင်ဘာလ ၁ ရက် ညပိုင်းတွင် ဆိုင်ကယ်ခိုးယူသူများဖြစ်ကြသည့် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ လမင်းဇော် (၂၂) နှစ်နှင့် ဥယျာဉ်စုရပ်ကွက်နေ ဇင်ရဲထွန်း(ခ)ရဲထွန်း (၂၆) နှစ် တို့ ၂ ဦးအား ၎င်းတို့၏ နေအိမ်များ၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့သည် ၂၀၂၆ ခုနှစ် မေလ၊ ဇွန်လနှင့် ဇူလိုင်လများအတွင်း ပျဉ်းမနားမြို့နယ်မှ ဆိုင်ကယ် ၁၃ စီးနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြားမြို့နယ်များမှ ဆိုင်ကယ် ၆ စီး၊ စုစုပေါင်း မော်တော်ဆိုင်ကယ် ၁၉ စီးတို့အား လိုက်လံခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် သက်သေခံ ဆိုင်ကယ် ၁၉ စီးစလုံးအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

လက်ရှိတွင် ဆိုင်ကယ်ခိုးမှု ကျူးလွန်ခဲ့သည့် တရားခံ လမင်းဇော်နှင့် ဇင်ရဲထွန်း(ခ)ရဲထွန်း တို့ ၂ ဦးအား သက်ဆိုင်ရာ နယ်မြေရဲစခန်းအသီးသီး၌ အမှုပေါင်း ၁၆ မှုဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။