တောင်ကြီး i Car ဝပ်ရှော့ မီးရှို့မှုကြောင့် ကျပ် ၈၂ သိန်းခန့် ဆုံးရှုံး၊ လုံခြုံရေးဝန်ထမ်းကို အမှုဖွင့်

(မှုခင်း) နိုဝင်ဘာ ၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ i Car ဝပ်ရှော့တွင် နိုဝင်ဘာ ၇ ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်လုံခြုံရေးဝန်ထမ်းက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းများအရ ဆိုင်လုံခြုံရေးဝန်ထမ်း ဟိန်းသူထက်ဆိုသူက ဝပ်ရှော့တွင် ပြုပြင်ရန်ထားရှိသည့် မော်တော်ယာဉ်တစ်စီးကို မီးရှို့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြည်သူများက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဆိုင်အတွင်းရှိ Super Custom အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တစ်စီးနှင့် Hansin 110 အမျိုးအစား မော်တော်ဆိုင်ကယ်တစ်စီး မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၈၂ သိန်းခန့်ရှိကြောင်း မီးသတ်တပ်ဖွဲ့က တွက်ချက်ထားသည်။

အဆိုပါ မီးရှို့မှုနှင့်ပတ်သက်၍ ဆိုင်လုံခြုံရေးဝန်ထမ်း ဟိန်းသူထက်ကို တောင်ကြီးနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နိုဝင်ဘာ ၈ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မယ်ခေါင်ရပ်ကွက်၊ (၃) လမ်းရှိ ပစ္စည်းအဟောင်းရောင်းဝယ်ရေးဂိုဒေါင်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုသတင်းရရှိသဖြင့် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။