လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ပခုက္ကူတို့တွင် သစ်ပင်များလဲကျ၊ ကားပေါ်ပိတ်မိသူတစ်ဦးကို ကယ်ဆယ်

(ပြည်တွင်း) စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တို့တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နှင့် သစ်ကိုင်းများ လဲကျ၍ လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက် နံနက် ၆ နာရီ ၃၉ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၅)၊ သစ္စာလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နံနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင်လည်း ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအနီး၊ မန္တလေး-ပြင်ဦးလွင်အဆင်းလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် နံနက် ၇ နာရီ ၂၃ မိနစ်ခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်၊ သုံးတောင်ကျေးရွာ၊ မိုင်တိုင်အမှတ် (၂၉) မိုင်ရှိ မန္တလေး-လားရှိုးအဆင်းလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်တစ်စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင်လည်း နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က တာရိုးကြီးလမ်း၊ မိုးဇာရပ်ကွက်တွင် သစ်ပင်လဲကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ထုံးဘိုအရန်မီးသတ်စခန်းနှင့် မိုးဇာရပ်ကွက်အရန်မီးသတ်စခန်းတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့တွင်လည်း နံနက် ၇ နာရီ ၅၅ မိနစ်ခန့်က အမှတ် (၇) ရပ်ကွက်၊ ရန်ကင်းလမ်းတွင် သစ်ကိုင်းပဲ့ကျ၍ လမ်းပိတ်နေကြောင်း သတင်းရရှိသဖြင့် ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းကြားတွင် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်က ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ရာ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

သစ်ပင်လဲကျမှုကြောင့် ကားခေါင်းခန်းအတွင်း ပိတ်မိနေသူ အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး စိုးရိမ်ရခြင်းမရှိကြောင်း သိရသည်။ ၎င်းအား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များအတွင်း လမ်းပေါ်လဲကျနေသည့် သစ်ပင်နှင့် သစ်ကိုင်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။