(မှုခင်း) နိုဝင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ပုရစ်ကြော်တန်းအနီးတွင် နိုဝင်ဘာ ၇ ရက် ညနေပိုင်းက မော်တော်ယာဉ်နှစ်စီး တိုက်မိရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးဘက်မှ ဘုရားကြီးဘက်သို့ ဇာနည်အောင် (၄၉ နှစ်) မောင်းနှင်လာသော TOYOTA MARK II မော်တော်ယာဉ်သည် လမ်းလယ်ယာဉ်ကြော၌ “ဂ” ကွေ့ကွေ့နေစဉ် လားရာတူ နောက်မှ လမ်းလယ်စည်းကျော်၍ အရှိန်ပြင်းစွာ ကျော်တက်လာသည့် ဖြိုးအောင် (၃၂ နှစ်) မောင်းနှင်သော TOYOTA WISH မော်တော်ယာဉ်က ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်တိုက်မှုကြောင့် TOYOTA MARK II ယာဉ်ပေါ်ပါ မအေမီကျော် (၄၈ နှစ်) သည် ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့သည်။
ထို့ပြင် ယာဉ်မောင်းနှစ်ဦးအပါအဝင် ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘုရားကြီးနယ်မြေရဲစခန်းက အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN