
(လွှတ်တော်) စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် မြစ်ကျိုးတိုက်နယ်ဆေးရုံနှင့် မြစ်ကျိုးအခြေခံပညာအထက်တန်းကျောင်း (အထက) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းနှီးစွာတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုမှုတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်နှင့်အတူ မြို့နယ်ဆရာဝန်ကြီး ဦးဇော်ဝင်းနိုင်၊ မြို့နယ်ပါတီ အလုပ်အမှုဆောင် (EC) များနှင့် မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းတို့ လိုက်ပါခဲ့ကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများသည် မြစ်ကျိုးတိုက်နယ်ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် မြစ်ကျိုးအထကကျောင်းသို့ ဆက်လက်သွားရောက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ရင်းနှီးစွာ တွေ့ဆုံကာ အားပေးစကားများနှင့် ပညာဒါနစကားများ ပြောကြားခဲ့ကြောင်း သိရသည်။