

(နိုင်ငံတကာ) စက်တင်ဘာ ၈
အင်ဒိုနီးရှားနိုင်ငံသည် Anak Krakatau မီးတောင်မှ ထွက်ရှိလာသည့် မီးတောင်ပြာများကြောင့် ပိတ်ထားခဲ့ရသည့် ဂျကာတာမြို့ရှိ အဓိကလေဆိပ်နှင့် အခြားလေဆိပ် ၄ ခုကို စက်တင်ဘာလ ၈ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အင်္ဂါနေ့တွင် မီးတောင်ထပ်မံပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လေကြောင်းခရီးစဉ်များ ထပ်မံအနှောင့်အယှက်ဖြစ်နိုင်ခြေ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ဂျာဗားကျွန်းနှင့် ဆူမားတြားကျွန်းတို့အကြား အလယ်ခန့်တွင် တည်ရှိသည့် Anak Krakatau မီးတောင်မှ ထွက်ရှိသည့် မီးတောင်ပြာများသည် သောကြာနေ့ညပိုင်းက ပထမဆုံးအကြိမ် ပေါက်ကွဲပြီးနောက် ဂျကာတာမြို့နှင့် အနီးဝန်းကျင်ဒေသအချို့ကို ဖုံးလွှမ်းခဲ့သည်။
ယင်းအခြေအနေကြောင့် လုံခြုံရေးအရ လေဆိပ် ၈ ခုကို ပိတ်ထားခဲ့ရပြီး ခရီးသည် ၃၄၀,၀၀၀ ကျော် ထိခိုက်ခဲ့ကြောင်း သိရသည်။ဂျကာတာမြို့၏ အဓိကလေဆိပ်ဖြစ်သည့် Soekarno-Hatta လေဆိပ်ကို အင်္ဂါနေ့တွင် လေတိုက်ခတ်မှုကြောင့် မီးတောင်ပြာများ လွင့်စင်သွားပြီးနောက် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး Dudy Purwagandhi က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ထို့အပြင် လေဆိပ်ပိတ်ထားစဉ် မြေပြင်တွင် ရပ်နားထားခဲ့ရသည့် လေယာဉ် ၁၇၈ စင်း၏ ပျံသန်းရန်သင့်မသင့် အခြေအနေကို တာဝန်ရှိသူများက စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။“လေယာဉ်တွေကို ပြင်ဆင်ဖို့ အချိန်နည်းနည်း ပိုယူရနိုင်ပါတယ်” ဟု Dudy က ပြောသည်။
အသက် ၃၁ နှစ်အရွယ် ခရီးသည် Alvin Pratama Putra သည် အလုပ်ကိစ္စဖြင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရန် တနင်္ဂနွေနေ့က Soekarno-Hatta လေဆိပ်သို့ ရောက်ရှိလာခဲ့သော်လည်း ၎င်း၏ လေယာဉ်ခရီးစဉ်ကို ကြာသပတေးနေ့သို့ ပြန်လည်ရွှေ့ဆိုင်းထားကြောင်း ပြောကြားခဲ့သည်။
“ဘာလုပ်နိုင်မှာလဲ။ ဒါက သဘာဝတရားပဲလေ။ အတင်းအကျပ် ပျံသန်းမယ်ဆိုရင် လေယာဉ်အတွက် အန္တရာယ်ရှိပါတယ်” ဟု ၎င်းက ပြောပြီး လေဆိပ်ရှိ ခုံတန်းပေါ်တွင် အိပ်ခဲ့ရကြောင်းလည်း ဆိုသည်။
ဂျကာတာရှိ လေဆိပ်ငယ်တစ်ခုနှင့် အနီးရှိ Bandung မြို့ရှိ လေဆိပ်တစ်ခုအပါအဝင် အခြားလေဆိပ် ၄ ခုကိုလည်း အင်္ဂါနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ အခြားလေဆိပ်တစ်ခုမှာ တနင်္လာနေ့ကတည်းက ပြန်လည်ဖွင့်လှစ်ထားပြီး လေဆိပ် ၂ ခုမှာမူ ဆက်လက်ပိတ်ထားဆဲဖြစ်သည်။
Indonesia National Air Carriers Association (INACA) ၏ အထွေထွေအတွင်းရေးမှူး Bayu Sutanto က လေယာဉ်ခရီးစဉ်များ နှောင့်နှေးမှုကြောင့် လေကြောင်းလိုင်းများ၏ ဘဏ္ဍာရေးအခြေအနေအပေါ် ဖိအားများ ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။
ပျံသန်းမှုများ ဖျက်သိမ်းရခြင်းကြောင့် ဝင်ငွေဆုံးရှုံးရသည့်အပြင် လုပ်ငန်းလည်ပတ်စရိတ်များလည်း မြင့်တက်လာကြောင်း ၎င်းက ဆိုသည်။Bayu ၏အဆိုအရ လေကြောင်းလိုင်းများသည် လမ်းကြောင်းပြောင်းလဲပျံသန်းရခြင်းကြောင့် လောင်စာဆီကုန်ကျစရိတ် ထပ်မံမြင့်တက်ခြင်း၊ လေယာဉ်ရပ်နားစရိတ်နှင့် လေယာဉ်အမှုထမ်းများနှင့် ဆက်စပ်သည့် ကုန်ကျစရိတ်များအပါအဝင် အပိုကုန်ကျစရိတ် အမျိုးမျိုးကို ကျခံရမည်ဖြစ်သည်။
ထို့အပြင် Soekarno-Hatta လေဆိပ်တွင် လေယာဉ်တစ်စင်း နှောင့်နှေးခြင်းသည် အဆိုပါလေယာဉ်ဖြင့် ဆက်လက်ပြေးဆွဲမည့် နောက်ထပ်လေယာဉ်ခရီးစဉ် ၃ ခု သို့မဟုတ် ၄ ခုအထိ ထိခိုက်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ယင်းကဲ့သို့ လေကြောင်းခရီးစဉ်များ အနှောင့်အယှက်ဖြစ်နေချိန်တွင် လေကြောင်းလိုင်းများသည် တစ်ရက်လျှင် အင်ဒိုနီးရှားရူပီးယား ၁၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ သန်း) အထိ ဆုံးရှုံးနိုင်ကြောင်း Bayu က ပြောသည်။
Anak Krakatau မီးတောင်သည် အင်္ဂါနေ့နံနက်ပိုင်းတွင် နောက်ထပ် ၃ ကြိမ် ပေါက်ကွဲခဲ့ကြောင်း မီးတောင်စောင့်ကြည့်ရေးအေဂျင်စီက ပြောကြားခဲ့သည်။ယခင်ပေါက်ကွဲမှုများထက် ပမာဏသေးငယ်သော်လည်း မီးတောင်ပြာများ ထွက်ရှိသည့်အမြင့်နှင့် လေတိုက်ခတ်သည့် ဦးတည်ရာပေါ်မူတည်၍ လေကြောင်းခရီးစဉ်များ ထပ်မံအနှောင့်အယှက် ဖြစ်နိုင်ခြေရှိနေဆဲဖြစ်ကြောင်း သိရသည်။
“လက်ရှိအချိန်အထိ သက်ရောက်မှုက ယခင်ပေါက်ကွဲမှုတွေလောက် မကြီးမားသေးပါဘူး။ ဒါပေမယ့် ဆက်လက်စောင့်ကြည့်သွားမှာပါ” ဟု ဘူမိဗေဒအေဂျင်စီ အကြီးအကဲ Lana Saria က Reuters သို့ စာတိုမှတစ်ဆင့် ပြောကြားခဲ့သည်။အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့မြေသားပြားများ ဆုံစည်းရာ ငလျင်လှုပ်ရှားမှု အလွန်မြင့်မားသည့် ဒေသဖြစ်သည့် Pacific Ring of Fire ပေါ်တွင် တည်ရှိပြီး လက်ရှိ လှုပ်ရှားနေသည့် မီးတောင်ပေါင်း ၁၃၀ ခန့်အနက် တစ်ခုမှာ Anak Krakatau ဖြစ်သည်။
အဆိုပါဒေသတွင် ငလျင်များနှင့် မီးတောင်ပေါက်ကွဲမှုများ အများအပြား ဖြစ်ပေါ်လေ့ရှိပြီး ဂျာဗားကျွန်း၏ အရှေ့ဘက်ရှိ ကျွန်းများပေါ်တွင် တည်ရှိသည့် Mount Ibu နှင့် Ili Lewotolok မီးတောင်များလည်း အင်္ဂါနေ့တွင် ပေါက်ကွဲခဲ့ကြသည်။
“Anak Krakatau” ဆိုသည်မှာ “Krakatau ၏သား” ဟု အဓိပ္ပာယ်ရပြီး ယခင်က Krakatoa ဟု လူသိများခဲ့သည့် Krakatau မီးတောင် တည်ရှိခဲ့သော နေရာမှ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုခန့်က စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
မူလမီးတောင်ဖြစ်သည့် Krakatau သည် ၁၈၈၃ ခုနှစ်တွင် အကြီးအကျယ် ပေါက်ကွဲခဲ့ပြီး မီးတောင်ပေါက်ကွဲမှုများကြောင့် ဆူနာမီလှိုင်းများ ဆက်တိုက်ဖြစ်ပေါ်ကာ လူပေါင်း ၃၆,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။