(မှုခင်း) စက်တင်ဘာ ၂
မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက် ၊ ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်ဓားမြတိုက်ခံမှုနှင့်ပတ်သက်၍ အဓိကသံသယရှိသူမပါအဝင် ပူးပေါင်းကျူးလွန်သူများဟု ယူဆရသူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် နံနက် ၄နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မျက်နှာဖုံးများတပ်ဆင်ထားသည့် အမျိုးသား ၃ ဦးက ပစ္စတိုသေနတ်များကိုင်ဆောင်ကာ နေအိမ်ဘေးရှိ ဆောက်လက်စအဆောက်အအုံမှတစ်ဆင့် အပေါ်ဆုံးထပ်သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဓားမြတိုက်သူများသည် နေအိမ်အတွင်းရှိ အလုပ်သမားအမျိုးသမီး ၂ ဦးကို လက်များတုပ်နှောင်ပြီး အိမ်ပိုင်ရှင်၏တူမဖြစ်သူကိုပါ တွေ့ရှိခဲ့ကာ မီးခံသေတ္တာထားရှိသည့် အခန်းသော့ကို တောင်းယူခဲ့ကြောင်း သိရသည်။
သော့မရသဖြင့် သံတူရွှင်းဖြင့် အခန်းတံခါးကို ဖျက်ဝင်ပြီး မီးခံသေတ္တာနှင့် နေအိမ်အတွင်းရှိ ဗီရိုများထဲမှ အဖိုးတန်ပစ္စည်းများနှင့် ငွေကြေးများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အိမ်ရှင်များ၏ စားရင်းအရ ရွှေထည်၊ စိန်ထည် ၊ ပလက်တီနမ်ထည်နှင့် ငွေသားအပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်ငွေ ၅၀,၈၅၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်ပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါနေ့တွင်ပင် မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်နေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်စန်းအေးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒေါ်စန်းအေး၏ ထွက်ဆိုချက်များအရ ဓားမြတိုက်မှုတွင် ပါဝင်ခဲ့သူဟု ယူဆရသူ အထွန်းချေ ၊ စောတင် ၊ ရဲအောင် ၊ စောဖိုကျော် ၊ မင်းထက်သာနှင့် မင်းကိုတို့ကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့များနှင့် ပူပေါင်း၍ သက်သေခံပစ္စည်းများနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများကို ဆက်လက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကဲကုန်းနယ်မြေရဲစခန်းတွင် အမှုကြီးအမှတ် ၂/၂၀၂၆ ၊ (ပ)၁၁၀/၂၀၂၆ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#pan