(နိုင်ငံတကာ) အောက်တိုဘာ ၂၀
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စနစ်တကျမရှိဘဲ တပ်ဆင်ထားသည့် ဆက်သွယ်ရေးကြိုးများကြောင့် ဖြစ်ပေါ်နေသည့် ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များကို ဖြေရှင်းနိုင်ရန် အထူးကော်မတီတစ်ရပ် ဖွဲ့စည်းရေးကို ဘန်ကောက်မြို့တော်ကောင်စီက အတည်ပြုခဲ့ပြီး ကော်မတီအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း လေ့လာသုံးသပ်ချက်များကို တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းမည့် အဆိုပါကော်မတီသည် သင့်လျော်သည့် လမ်းများတွင် ဆက်သွယ်ရေးကြိုးများကို မြေအောက်သို့ ပြောင်းရွှေ့တပ်ဆင်ရေးအပါအဝင် ပြဿနာဖြေရှင်းနိုင်မည့် နည်းလမ်းများကို လေ့လာသုံးသပ်သွားမည်ဖြစ်သည်။
ထို့အပြင် ဥပဒေဆိုင်ရာ အတားအဆီးများ၊ သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး၊ ဆက်သွယ်ရေးကြိုးများ တပ်ဆင်ရာတွင် လိုက်နာရမည့် စံနှုန်းများနှင့် အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ကုန်ကျစရိတ်ခွဲဝေခံယူရေးတို့ကိုပါ ထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
ချွမ်ထောင်ခရိုင်ကိုယ်စားပြု ဘန်ကောက်မြို့တော်ကောင်စီဝင် ဆူသီချိုင်း ဝီရကူဆွန်ထွန် (Suthichai Weerakulsunthorn) က အဆိုပါကော်မတီ ဖွဲ့စည်းရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။
၎င်းက ဆက်သွယ်ရေးကြိုးများ နိမ့်ကျစွာ တွဲလောင်းကျနေခြင်း၊ အသုံးမပြုတော့သည့် ကြိုးများကို မဖယ်ရှားဘဲ ထားရှိခြင်းနှင့် လျှပ်စစ်တိုင်များပေါ်တွင် ကြိုးများ အလွန်အကျွံ တပ်ဆင်ထားခြင်းတို့ကြောင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ထောက်ပြခဲ့သည်။
ယင်းအခြေအနေများကြောင့် ဆက်သွယ်ရေးကြိုးများနှင့် လျှပ်စစ်တိုင်များ ပြုတ်ကျနိုင်ပြီး လူများ ထိခိုက်ဒဏ်ရာရနိုင်သည့် အန္တရာယ်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘန်ရက်ခရိုင်ကိုယ်စားပြု မြို့တော်ကောင်စီဝင် ဗီဖွတ် ဆရီဆူဝါရိုင် (Viput Srivaurai) ကမူ လမ်းတိုင်းတွင် ဆက်သွယ်ရေးကြိုးများကို မြေအောက်သို့ ပြောင်းရွှေ့တပ်ဆင်ရန် မလိုအပ်ကြောင်း ပြောကြားခဲ့သည်။
၎င်းက လမ်းအမျိုးအစားနှင့် အခြေအနေအလိုက် မည်သည့်လမ်းများတွင် ကြိုးများကို မြေအောက်သို့ ပြောင်းရွှေ့တပ်ဆင်သင့်ပြီး မည်သည့်လမ်းများတွင် လျှပ်စစ်တိုင်များပေါ်၌ ကြိုးများကို စနစ်တကျ ပြန်လည်စီစဉ်တပ်ဆင်သင့်သည်ကို ဆုံးဖြတ်နိုင်မည့် ရှင်းလင်းသော စံသတ်မှတ်ချက်များ ချမှတ်ထားရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။
ယခုကော်မတီ၏ လေ့လာသုံးသပ်ချက်များမှတစ်ဆင့် ဘန်ကောက်မြို့အတွင်း ဆက်သွယ်ရေးကြိုးများ တပ်ဆင်မှုကို ပိုမိုစနစ်တကျဖြစ်စေရန်၊ ဘေးကင်းလုံခြုံရေးဆိုင်ရာ အန္တရာယ်များ လျှော့ချရန်နှင့် မြေအောက်ကြိုးစနစ်သို့ ပြောင်းရွှေ့ရာတွင် ကုန်ကျစရိတ်နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများ ပေါ်ထွက်လာရေး မျှော်မှန်းထားသည်။

Telegram – t.me/positiveanglenews
#PAN