(ပြည်တွင်း) အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် စကု-လယ်ကိုင်းလမ်းပေါ်ရှိ ထနောင်းတော-တောဘိုကုန်းလမ်းဆုံတွင် ခရီးသွားများ နားခိုစားသောက်နိုင်ရန် ထမင်းသုပ်၊ ကော်ဖီမစ်နှင့် အခြားစားသောက်ဖွယ်ရာများ ရောင်းချနေသည့် “အိုအေစစ်” ဆိုင်ပိုင်ရှင် ကိုစစ်ကို အောက်တိုဘာ ၁၉ ရက် နေ့လယ် ၁ နာရီခန့်တွင် ခန်ကုန်း၌ အခြေစိုက်လှုပ်ရှားနေသည့် PDF အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ခရီးသွားများက “အိုအေစစ်” ဟု အမည်ပေးခေါ်ဆိုကြသည့် အဆိုပါဆိုင်သည် စကု-လယ်ကိုင်းလမ်းပေါ်တွင် ခရီးသွားများ ခေတ္တနားခိုစားသောက်နိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရပြီး ဆိုင်ပိုင်ရှင်ကိုလည်း ဆိုင်အမည်ကို အစွဲပြု၍ “ကိုစစ်” ဟု ခေါ်ဆိုကြကြောင်း သိရသည်။
စကု-လယ်ကိုင်းလမ်းသည် မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ တညောင်၊ ဆိပ်ဖြူနှင့် ချောက်မြို့များကို ဆက်သွယ်ပေးသည့် ခရိုင်ချင်းဆက်လမ်းဖြစ်ပြီး ဒေသခံများနှင့် ခရီးသွားများ အသုံးပြုသည့် အရေးပါသော လမ်းပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် အဆိုပါလမ်းပေါ်ရှိ ခရီးသွားများနှင့် လုပ်ငန်းလုပ်ကိုင်သူများ၏ လုံခြုံရေးအခြေအနေအပေါ် စိုးရိမ်မှုများ ရှိလာနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင် အောက်တိုဘာ ၁၈ ရက် ညပိုင်းကလည်း စကု-လယ်ကိုင်းလမ်းပေါ် ၁၄/၄ မိုင်အနီး ဖလံတောရွာရှိ “ကိုကျော်” ဆီဆိုင်တွင် ရှိနေသည့် ဆိုင်ပိုင်ရှင် ကိုကျော်သူနှင့် ဇနီး မခိုင်တို့ကို PDF အဖွဲ့ဝင် ၃၀ ခန့်က ဘေးတွဲဆိုင်ကယ်များဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ အဆိုပါဖမ်းဆီးမှုများတွင် ငွေကြေးပြည့်စုံသူများကို ပစ်မှတ်ထားကာ ငွေကြေးတောင်းခံပြီးနောက် ပြန်လွှတ်ပေးသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN