
(နိုင်ငံတကာ) ဩဂုတ် ၃၁
အမေရိကန်ဦးဆောင်သော ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုကို တန်ပြန်ရန် ကိုယ်စားပြုသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေးကို ယခုအပတ်အတွင်း ကာဂျစ္စတန်နိုင်ငံ၊ မြို့တော် ဘစ်ရှ်ကက်၌ ကျင်းပသွားမည်ဖြစ်ရာ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၊ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့ တက်ရောက်ရန် စီစဉ်ထားပြီး အစည်းအဝေး ကာလအတွင်း ရုရှားသမ္မတ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သီးခြားတွေ့ဆုံဆွေးနွေးမည်ဖြစ်သည့်အပြင် ပူတင်နှင့် အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယာတို့အကြားလည်း နှစ်နိုင်ငံ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ရုရှားနိုင်ငံသည် ယူကရိန်းနှင့် အပြည့်အဝ စစ်ပွဲဖြစ်ပွားနေမှု ၄ နှစ်ခွဲခန့် ရောက်ရှိလာချိန်နှင့် အီရန်နိုင်ငံသည်လည်း အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားပြီး ၆ လအကြာတွင် ကျင်းပသည့် အဆိုပါ ထိပ်သီးအစည်းအဝေးကို အနောက်မဟုတ်သော မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေမည့် အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် ရှုမြင်လျက်ရှိကြောင်းလည်းသိရသည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ ခုနှစ်တွင် တရုတ်၊ ရုရှားနှင့် ဗဟိုအာရှ ၄ နိုင်ငံတို့က လုံခြုံရေးဆိုင်ရာ ဖိုရမ်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ နှစ်နီးပါးကာလအတွင်း အဖွဲ့အစည်း၏ အတိုင်းအတာနှင့် ဩဇာလွှမ်းမိုးမှုမှာ ကြီးထွားလာခဲ့ရာ လက်ရှိတွင် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန်၊ ပါကစ္စတန်၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် ၁၀ နိုင်ငံ ပါဝင်ဖွဲ့စည်းထားပြီး အခြားနိုင်ငံအများအပြားကလည်း “ဆွေးနွေးဖက်နိုင်ငံ” အဖြစ် ပါဝင်နေကြကြောင်းသိရသည်။
ရုရှားနှင့် တရုတ်နိုင်ငံတို့သည် G7 ကဲ့သို့သော အနောက်တိုင်း မဟာမိတ်အဖွဲ့အစည်းများအတွက် အခြားရွေးချယ်စရာ အင်အားစုတစ်ခုအဖြစ် SCO ကို ပုံဖော်လျက်ရှိပြီး မကြာသေးမီနှစ်များအတွင်း အဖွဲ့၏ ဩဇာလွှမ်းမိုးမှုကို တိုးချဲ့ရန်အတွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် ငွေကြေးအကူအညီများကို ကတိပြုထားကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဖွဲ့အစည်းအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းကြောင်းအသစ်များကို အောင်မြင်စွာ စူးစမ်းရှာဖွေနိုင်ခဲ့ ကြောင်းနှင့် ဘေဂျင်းအနေဖြင့် ရုရှား၏ ပံ့ပိုးမှုဖြင့် အခြားရွေးချယ်စရာ ကမ္ဘာ့အစီအစဉ်သစ် အယူအဆကို အစဉ်တစိုက် မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။