(မှုခင်း) ဩဂုတ် ၃၁
တိုင်းရင်းသားနယ်မြေတွေမှာ လက်နက်ကိုင်အကြမ်းဖက်သမားတွေ အုပ်ချုပ်လာခဲ့ပြီးနောက် သက်ငယ်မုဒိန်းမှုတွေ မရေတွက်နိုင်အောင် ဖြစ်ပေါ်နေပြီး ကျူးလွန်သူတွေကို ထောင်ဒဏ်လောက်သာ ချမှတ်နေချိန်မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)က သေဒဏ်ချမှတ်လိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို SSPP အနေနဲ့ သေဒဏ်ချမှတ်လိုက်တယ်လို့ SSPP ရဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထိုအမှုကို SSPP/SSA ရဲ့ ဗဟိုဌာနချုပ်အထက်တရားရုံးက စစ်ဆေးချမှတ်ခဲ့တာဖြစ်ပြီး ပြစ်မှု ပြင်းထန်မှုနဲ့ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ စီရင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
နစ်နာသူမိန်းကလေးငယ်ဘက်က မိသားစုဝင်တွေဆီက လူပျောက်တိုင်ကြားချက်ရရှိပြီးနောက် (SSPP/SSA) ရဲ့ တာဝန်ရှိသူတွေက အမှုမှန်ပေါ်ပေါက်ရေး ချက်ချင်းစုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပြီး တိုင်ကြားလာတဲ့ နေ့မှာပဲ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
ထိုအမှုဟာ ပြီးခဲ့တဲ့ ၂ လကျော် ဇွန်လ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြစ်မှုကျူးလွန်သူဟာ ညီမဝမ်းကွဲတော်စပ်သူကို အခုလို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူဖြစ်တဲ့ သီပေါမြို့နယ်၊ လွယ်ကျိုင်းကျေးရွာမှာ နေထိုင်တဲ့ စိုင်းဆာစံ ဆိုသူဟာ ၎င်းနဲ့ ညီမဝမ်းကွဲ တော်စပ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို အလုပ်ရှာပေးမယ်လို့ လိမ်ညာခေါ်ဆောင်ကာ သီပေါမြို့နယ်၊ နမ့်ဟူးနွဲ့ကျေးရွာအနီးက ငှက်ပျောစိုက်ခင်း တစ်ခုအတွင်းမှာ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သမီးဖြစ်သူ ပျောက်ဆုံးနေခဲ့ပြီး နောက်တစ်နေ့ ဇွန်လ ၂၅ ရက်နေ့မှာ မိဘတွေက SSPP ဆီကို လာရောက်တိုင်ကြားခဲ့ရာက ကျူးလွန်သူ အဆိုပါမိန်းကလေးငယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်သူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
စိုင်းဆာစံဟာ ၎င်းရဲ့ ဝမ်းကွဲညီမဖြစ်သူကို လူမဆန်စွာ လည်ပင်းညှစ်ပြိး ပုလင်းကွဲနဲ့ လည်ပင်းနဲ့ ဝမ်းဗိုက်တွေကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက်မှာ စွန့်ပစ်ထားခဲ့ကြောင်း ဝန်ခံထွက်ဆိုချက်နဲ့ လိုက်လံပြသမှုအရ သိရကြောင်းကိုလည်း SSPP က ဇွန်လ ၂၆ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။SSPP/SSA ဗဟို ဌာနချုပ် အထက်တရားရုံးရဲ့ စစ်ဆေး စီရင်ဆုံးဖြတ်ချက်အရ သေဒဏ်ချမှတ်ခဲ့တာဖြစ်ကြာင်း၊ ကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက် ၂ လကျော်အကြာ သြဂုတ်လ ၃၀ ရက် မနေ့က နေ့လယ်ပိုင်းမှာ သေဒဏ်စီရင်လိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
တိုင်းရင်းသားလက်ကိုင်တွေ အုပ်ချုပ်တဲ့နယ်မြေအတွင်းက သက်ငယ်မုဒိန်းမှု ကျူးလွန်သူတွေကို သေဒဏ်ပေးဖို့ ပြည်သူတွေက တောင်းဆိုနေပမယ့် တိမ်းရှောင် လွတ်မြောက်နေသူတွေ၊ ဖမ်းဆီးမိပြီးမှ ထောင်ထဲက ထွက်ပြေးနိုင်ခဲ့သူတွေရှိသလို ဖမ်းဆီးရမိသူတွေကို ထောင်ဒဏ်အဖြစ်သာ ချမှတ်နေကြစဉ်မှာ SSPP က အခုလို သေဒဏ်ချမှတ်မှုကို တစ်ချို့က အားပေးထောက်ခံမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။

Telegram – t.me/positiveanglenews
#PAN