မော်လမြိုင် ဓားမြတိုက်မှုတွင် စေခိုင်းသူနှင့် ကျူးလွန်သူအချို့ ဖမ်းဆီးခံရ၊ ကားတစ်စီးပေါ်မှ မူးယစ်ဆေးဝါး ကျပ်သိန်းပေါင်း ၂၆၀၀ ကျော် ထပ်မံတွ့ရှိ

(မှုခင်း)ဩဂုတ် ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားမြတိုက်ခံရမှုနှင့်ပတ်သက်၍ ဓားမြတိုက်ရန် စေခိုင်းသူဟု ယူဆရသူ အမျိုးသမီးတစ်ဦးနှင့် ပါဝင်ပတ်သက်သူအချို့ကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် နံနက်အစောပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်မိသားစု ရန်ကုန်သို့သွားရောက်နေချိန်အတွင်း ပစ္စည်းများထားရှိသည့် နေရာများကို သိရှိသူတစ်ဦးက အဖွဲ့တစ်ဖွဲ့အား ဓားမြတိုက်ရန် စေခိုင်းခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

ဖမ်းဆီးခံထားရသူ အမျိုးသမီးမှာ မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် နေထိုင်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စန်းအေးဖြစ်ကြောင်း သိရသည်။

၎င်းသည် ဆိုင်ပိုင်ရှင်၏ ဇနီးနှင့် ရင်းနှီးသူဖြစ်ပြီး အပေါင်ခံလုပ်ငန်းများနှင့် ဆက်စပ်၍ အိမ်သို့ အဝင်အထွက်ရှိသူဖြစ်ကြောင်း သိရသည်။

ဓားမြတိုက်မှုတွင် အသုံးပြုခဲ့သည်ဟု ယူဆရသည့် မော်တော်ယာဉ်နှစ်စီး၏ CCTV မှတ်တမ်းများကို အခြေခံ၍ လိုက်လံစစ်ဆေးခဲ့ရာ မုဒုံဘက်သို့ ထွက်ခွာသွားသည့် ယာဉ်တစ်စီးကို ကျိုက်မရောအဝိုင်းမှတစ်ဆင့် ခြေရာခံနိုင်ခဲ့ပြီး ဘားအံ–မော်လမြိုင်လမ်း၊ ကျုံစိန်းကျေးရွာဆိုင်းဘုတ်အနီးရှိ လုံခြုံရေးဂိတ်တွင် တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုယာဉ်ပေါ်ပါသူများအား ဆက်လက်စစ်ဆေးရာ အခြားယာဉ်တစ်စီးကို မော်လမြိုင်မြို့ မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းပေါ်ရှိ Royal Hinthar ဟိုတယ် ကားပါကင်တွင် ထားရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

ထို့နောက် ဟိုတယ်ကားပါကင်တွင် ရပ်ထားသည့် အဖြူရောင် Toyota Wish ယာဉ်ကို စစ်ဆေးခဲ့ရာ ကားနောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါးများ တွေ့ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုးမှာ ငွေကျပ်သိန်းပေါင်း ၂၆၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ ဓားမြတိုက်မှုကြောင့် အပေါင်ခံထားသည့် ရွှေထည်ပစ္စည်းများအပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀,၀၀၀ ကျော်ခန့်ရှိ စိန်ထည်နှင့် ရွှေထည်ပစ္စည်းများ ပါသွားခဲ့သည်ဟု ဆိုင်ပိုင်ရှင် ဦးမြင့်ဦးက သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့က ဖြစ်စဉ်နှင့် ပတ်သက်သူများအပြင် ဆက်စပ်ပါဝင်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်စုံစမ်းဆောင်ရွက်နေကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN