(မှုခင်း)ဩဂုတ် ၃၀
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း မြန်မာနိုင်ငံသားများထံမှ လက်ခံသယ်ဆောင်လာသည်ဟု စစ်ဆေးတွေ့ရှိရသည့် စိတ်ကြွဆေးပြား (ယာဘ) ၄,၉၉၀,၀၀၀ ခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများကို ဆက်လက်သယ်ဆောင်ပေးရန် စောင့်ဆိုင်းနေသူတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၉ ရက် ညပိုင်းတွင် ချင်းရိုင်ခရိုင်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသယ်ဆောင်မည့် လမ်းကြောင်းများကို စောင့်ကြည့်စစ်ဆေးနေစဉ် ပေါ်အန်ခရိုင်၊ ပအော်ဒွန်ချိုင်းမြို့နယ် ဘန်ဖိုငန်ဒေသအတွင်း အိတ်များဖြင့် ပြည့်နေသည့် Toyota ပစ်ကပ်ကားတစ်စီးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါကားကို တားဆီးရန် လိုက်လံစစ်ဆေးခဲ့သော်လည်း ယာဉ်မောင်းက လမ်းကြမ်းဘက်သို့ ထွက်ပြေးမောင်းနှင်ခဲ့ရာ ကားမှာ လမ်းဘေးရေမြောင်းအတွင်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။
တိမ်းမှောက်သွားသည့်ကားကို ရှာဖွေစစ်ဆေးရာ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကားနောက်ခန်းအတွင်းမှ ယာဘဆေးပြားများထည့်ထားသည့် အိတ် ၂၅ အိတ်ကို တွေ့ရှိခဲ့ကာ စုစုပေါင်း ဆေးပြား ၄,၉၉၀,၀၀၀ ခန့် ရှိကြောင်း သိရသည်။
ဖမ်းဆီးခံရသူ၏ ထွက်ဆိုချက်အရ ယာဘဆေးပြားများကို မြန်မာနိုင်ငံသားများထံမှ ငွေကြေးရယူ၍ လက်ခံသယ်ဆောင်ပေးခြင်းဖြစ်ပြီး အဆိုပါဆေးများကို ဖြစ်စဉ်နေရာအနီးတွင် ရပ်ထားသည့် ၁၀ ဘီးကုန်တင်ကားထံသို့ သွားရောက်ပို့ဆောင်ရန် တာဝန်ယူထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းထွက်ဆိုချက်အပေါ် ဆက်လက်စုံစမ်းရာ ဖြစ်စဉ်နေရာအနီး၌ ရပ်ထားသည့် ဖရေပြည်နယ်မှတ်ပုံတင် ၁၀ ဘီးကုန်တင်ကားတစ်စီးနှင့် အသက် ၆၀ အရွယ် ယာဉ်မောင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါယာဉ်မောင်း၏ မိုဘိုင်းဖုန်းကို စစ်ဆေးရာ ယာဘဆေးပြားများ လက်ခံမည့်နေရာနှင့် ပတ်သက်သည့် ဆက်သွယ်မှုများအပြင် ငွေကြေးလွှဲပြောင်းမှုများနှင့် ပတ်သက်သည့် အချက်အလက်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူနှစ်ဦးကို အမှုနှင့်ဆက်စပ်၍ ဆက်လက်စစ်ဆေးနေပြီး မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်သည့် ကွန်ရက်နှင့် နောက်ကွယ်မှ ပါဝင်သူများကို ဖော်ထုတ်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN