တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စည်းရုံးခဲ့သူ ၃ ဦးကို အလုပ်နှင့် ထောင်ဒဏ်ချမှတ်

(မှုခင်း) ဩဂုတ် ၂၇

အမျိုးသမီးငယ်များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ ဇနီးမယားအဖြစ် ရောင်းစားရန် စည်းရုံးခေါ်ဆောင်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး အမရပူရမြိုနယ် ရေပုတ်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် နေထိုင်ပါက ၁ နှစ်လျှင် ငွေကျပ်သိန်း ၇၀ ရရှိမည်၊ လမ်းစရိတ်ကုန်ကျခံပေးမည်၊ လမ်းခရီးတွင် ဆက်သွယ်ရန်ဖုန်းဝယ်ပေးမည်ဟု လိမ်လည်ပြောဆိုစည်းရုံးခဲ့ပြီး မူဆယ်မြို့မှတစ်ဆင့်တရုတ်နိုင်ငံသို ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သည့် မျိုးမင်းဟိန်း (ခ) မျိုးကျော် (ခ) ဟိန်းကိုနှင့် ဇနီးဖြစ်သူ မေသင်္ကြန်မိုး (ခ) သင်္ကြန်တို့ကို မြစ်ငယ်နယ်မြေရဲစခန်း (ပ) ၇၁/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုတွင် ဩဂုတ် ၂၁ ရက်က အမရပူရခရိုင်တရားရုံးက ၎င်းတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အမျိုးသမီးနှစ်ဦးကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ငွေကျပ်သိန်း ၇၀ ရရှိမည်၊ ၁ နှစ်ပေါင်းသင်းရမည်၊ ကလေးမွေးပေးရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး တရုတ်နိုင်ငံနေ မစံအေးနုနှင့်ချိတ်ဆက်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ ဒေါ်ခင်ခင်အေးကိုလည်း စစ်တွေမြိုမရဲစခန်း (ပ) ၁၂၀/ ၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုကို ဩဂုတ် ၂၂ ရက်တွင် စစ်တွေခရိုင်တရားရုံးက ဖမ်းမိတရားခံ ဒေါ်ခင်ခင်အေးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မစံအေးနုကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရသည်။