

(မှုခင်း) သြဂုတ် ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ဂိုဒေါင်တစ်ခုအတွင်းမှ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၆ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် အောင်ပန်းမြို့၊ သာမိုင်းခမ်းကျေးရွာအုပ်စု၊ ကုန်းလွင်ကျေးရွာ၊ ရွှေရှမ်းကန်လမ်း ရှိ ဂိုဒေါင်တစ်ခုအား တရားမဝင် ကုန်ပစ္စည်းများ သိုလှာင်ထားကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ရာဂိုဒေါင်အတွင်း မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်နေ ယာဉ်မောင်း ဝင်းမြင့်သောင်း မောင်းနှင်သည့် ISUZU အမျိုးအစား ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးကို တွေ့ရှိရပြီး ဆက်လက် စစ်ဆေးရာ ၁၂ ဘီးယာဉ်ပေါ်နှင့် ဂိုဒေါင်အတွင်းမှ တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများဖြစ်သည့် ဆိုင်ကယ် အပိုပစ္စည်းနှင့်စောင်များအား လားရှိုးမြို့နေ ပစ္စည်းပိုင်ရှင် ဇင်ရဲလင်း ဆိုသူနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့်တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများနှင့်အတူ ဖမ်းမိသူ ယာဉ်မောင်းနှင့် ပစ္စည်းပိုင်ရှင်တို့အား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။